CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉


ရခိုင်ပြည်နယ်က အသေးစားလုပ်ငန်း လုပ်ကိုင်သည့် တောင်သူလယ်သမား ၇၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့စက် ဝယ်ယူရန်အတွက် ငွေကျပ် ၂ ဘီလီယံကျော် ပံ့ပိုးပေးခဲ့သော်လည်း လက်တွေ့တွင် ရခိုင်တောင်သူများအတွက် ပွင့်လင်းမြင်သာမှု မရှိဘဲ အကျိုးသက်ရောက်မှုလည်း အားနည်းနေကြောင်း ရခိုင်တောင်သူများထံမှ သိရသည်။

ယင်းထောက်ပံ့မှုသည် တောင်သူများဆီသို့ တိုက်ရိုက်မဟုတ်ဘဲ လုပ်ငန်းရှင်များမှတဆင့် တောင်သူများ လက်ထဲ သို့ ရောက်နေသည့် သဘောဖြစ်နေကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

“တကယ့်လက်တွေ့မှာ သူတို့ တောင်သူ ၆၀ ကျော်ကို အခွင့်အလမ်းပေးထားတယ်ဆိုပြီး သတင်းမှာလုပ်တာ ရှိကောင်းရှိမယ်ပေါ့။ လက်တွေ့မှာ တောင်သူတွေ လက်ထဲတော့ မရောက်ဘူး။ ရောက်နိုင်တဲ့ အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ သုံးသပ်ရသလောက်ပေါ့ လုပ်ငန်းရှင်တွေပေါ့ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်ပြီးတော့ အဲဒီစက်တွေက ရောက်သွားနိုင်တယ်။ လုပ်ငန်းရှင်တွေကနေတဆင့်ပဲ တောင်သူတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ဝင်လာ လိမ့်မယ်ပေါ့ အဲလိုတော့ ကျနော်တို့က ထင်တယ်။ တောင်သူတွေဆီကိုတော့ တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိနိုင်ဘူးတော့ အဲလိုတော့ ကျနော်တို့ သုံးသပ်လို့ ရတယ်ဗျ။ ဒီအပေါ်မှာက တကယ်သွားရင်တော့ ပွင့်လင်း မြင်သာမှု မရှိဘူးဆိုတာတော့ ထင်ရှားတယ်။ လက်ရှိ ကျနော်တို့တောင် ဘာမှ အောက်ခြေမှာ တောင်သူတွေနဲ့ ဆက်စပ်နေတဲ့သူတွေ မသိရဘူး မသိနိုင်ဘူး ခုချိန်ထိပေါ့နော့်။ ဒါပေမယ့် ကြားတော့ ကြားနေတယ် အဲဒီသတင်း ကလည်း လုပ်ငန်းရှင်တွေကနေတဆင့် စီးဆင်းနေတယ်ဆိုတဲ့ပုံစံမျိုး ကျနော်တို့ ကြားနေတယ်။ လက်တွေ့က တော့ မရောက်နိုင်သေးဘူးဗျ” ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ ဖေဖော်ဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အကြပ်အတည်းများ အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံမှ ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် လယ်ယာ လုပ်ငန်းများအပေါ် ထိခိုက်မှုရှိနေသည့်အတွက် ဒိန်းမတ်နိုင်ငံမှ ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်တွင် အမေရိကန်ဒေါ်လာ ၃.၈ သန်းကို လှူဒါန်းခဲ့ပြီး ယင်းထဲမှ ရခိုင်တောင်သူများအတွက် ငွေကျပ် ၂ ဘီလီယံ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်တောင်သူများအတွက် ရိတ်သိမ်းခြွေလှေ့စက် ဝယ်ယူရာတွင် ဒိန်းမတ်နိုင်ငံမှ ကျသင့်တန်ဖိုးငွေရဲ့ ထက်ဝက်ကို ပံ့ပိုးမည်ဟု သတ်မှတ်ထားသော်လည်း ဝယ်ယူရာတွင် လျာထားသည့် ဈေးနှုန်းထက် ငွေကျပ် သိန်း ၂၀၀ နီးပါး မြင့်တက်နေမှုကြောင့် တောင်သူလယ်သမားများအတွက် အခက်အခဲဖြစ်ကြရကြောင်း တောင်သူ လယ်သမားတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြ က CNI သို့ ပြောသည်။

“ကျနော် သိတာကတော့ ပထမတော့ စက်တစ်စီးကို ရိတ်သိမ်းခြွေလှေ့စက် တစ်စီးကို သိန်း ၄၅၀ လောက် အဲဒီ လောက်နဲ့ သူတို့ ခန့်မှန်းခဲ့ကြတာ။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ဗျာ ဒေါ်လာဈေးတွေက တအားတက်သွားတဲ့ အခါမှာ ၄၅၀ နဲ့ ကနဦး မှန်းထားခဲ့ပေမယ့် ၆၀၀ ကျော်ကိုအထိ ဈေးဖြစ်သွားတဲ့အခါမှာ ကျနော်တို့ တောင်သူ လယ်သမားတွေကဘက်က ငွေက ပထမတော့ သိန်း ၁၀၀ ကျော်လောက် သူတို့ရင်းနှီးမြှုပ်နှံရမယ်လို့ ကျနော်တို့ ထင်ခဲ့တာ။ နောက်ဆုံးကျတော့ဗျာ ၄၀၀ နီးနီးလောက် ကျနော်တို့တောင်သူတွေက စိုက်ရတဲ့အခါမှာ ဘယ်လို ပြောရမလဲ ကူညီတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဝယ်ယူရတဲ့အခါမှာတော့ ငွေအားက တောင်သူ တွေ ပိုစိုက်လိုက်ရတယ်။ အဲဒါလည်း အခက်အခဲ တစ်ခုပေါ့ တောင်သူလယ်သမားတွေ ဖြစ်ကြတယ်ဗျာ။ ဒါပေ မယ့် ဘာပဲပြောပြော ကူညီတာကိုတော့ ဝမ်းလည်း ဝမ်းသာတယ်၊ ကြိုလည်း ကြိုဆိုတယ်။ ရှေ့မှာလည်း ကူညီနိုင်ပါစေလို့ ကျနော်တို့ကတော့ မျှော်လင့်တယ်ဗျာ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စပါးစိုက်ဧက ၁၄ သိန်းကျော်ရှိပြီး ယင်းအတွက် ရိတ်သိမ်းခြွေလှေ့စက် ၆၀၀၀ ကျော် လိုအပ်သော်လည်း လတ်တလောတွင် အစီးရေ ၆၀၀ သာ ရှိသေးကြောင်း သိရသည်။

ထို့ပြင် ယင်းရိတ်သိမ်းခြွေလှေ့စက်များကို ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်သည့် မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မောင်တော စသည့် မြို့နယ်များတွင်သာ အသုံးများလျက်ရှိပြီး ရခိုင် ပြည်နယ်တောင်ပိုင်းဖြစ်သည့် အမ်း၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ် စသည့် မြို့များတွင် အသုံးပြု နိုင်ခြင်း နည်းပါးလျက်ရှိသည်။

ရိတ်သိမ်းခြွေလှေ့စက်များကို ဝယ်ယူရာတွင် ဈေးနှုန်းမြင့်မားနေခြင်းကြောင့် တောင်သူများအနေဖြင့် တစ်ဦး တစ်ယောက်ပိုင် ဝယ်ယူရန် အခက်အခဲရှိသည့်အတွက် အစိုးရအနေဖြင့် အာမခံချက်တစ်မျိုးမျိုးကို လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း တောင်သူများက လိုလားနေကြသည်။