CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂

မလေးရှားအာဏာပိုင်များသည် တရားမဝင် နိုင်ငံခြားသား လုပ်သားများအား အော်ပရာစီ ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် လိုအပ်သည့် စာရွက် စာတမ်းများအား ကိုယ်နှင့်မကွာ ဆောင်ထားကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

ထို့ကြောင့် ယခုကာလအတွင်း မြန်မာများအနေဖြင့် အသွားအလာ ဂရုပြုကြရန်နှင့် မဖြစ်မနေ သွားရောက်ရန် ရှိပါက စစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် အထောက်အထားများကို ကိုယ်နှင့်မကွာ ဆောင်ထား ခိုင်းခြင်း ဖြစ်သည်။

မလေးရှားတွင်နေထိုင်သူ မွှားမိုက်ကယ်က “လက်ရှိအနေအထားတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံ မလေး တွေက Tik Tok တို့၊ Facebook တို့ လူမှုကွန်ရက်တွေမှာ အရမ်းဖိအားပေးနေတဲ့အတွက် သူတို့နိုင်ငံက အစိုးရက လည်း ဒီလိုအဖမ်းအဆီးတွေ တင်းကြပ်နေရတာ ဖြစ်တယ်။ လက်ရှိမှာကတော့ တော်တော်လေး ဒီမလေးရှား law အရ အော်ပရာစီက စပြီ။ စစ်ဆေးရေးကတော့ မလေးရှားမှာက law ရှိတယ်။ ပထမဦးဆုံး ကားတွေ ဆိုင်ကယ် တွေကို စစ်တယ်။ 
လိုင်စင်တို့စစ်တယ်။ အဲဒီကာလက ပြီးသွားပြီ။ လက်ရှိ အနေအထားအရ တွေ့မြင် နေတာက တော့ custom အခွန်ကောက်ဌာနက တရားမဝင် ဖွင့်လှစ်ထားတဲ့ဆိုင်တွေ၊ သူတို့ရဲ့အခွန်နဲ့ ပစ္စည်းတွေနဲ့ အဲဒီကိစ္စ တွေကို အခုကတော့ စည်းကြပ်နေတယ်ပေါ့။ ပြီးတော့ ဒီ ၁၂ လပိုင်းလောက်မှ စပြီးတော့မှ လ.ဝ.က က အော်ပရာ စီ လောလောဆယ်တော့ လ.ဝ.က အော်ပရာစီဆိုပြီး ဝင်နေတာမျိုးတော့ မတွေ့ရသေးဘူး။ complain တက်တဲ့ နေရာတွေ၊ တိုင်ချက်ရှိတဲ့ နေရာတွေတော့ ဖမ်းနေတာတွေ့ရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားမှာ နိုင်ငံခြားသားတွေ ဖမ်းဆီးခံထားရစဉ်

လက်ရှိတွင် မလေးရှားနိုင်ငံ၌ တရားမဝင် ဖွင့်လှစ်ထားသည့် ဆိုင်များကို အဓိက လိုက်လံဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့က တရားမဝင် ဖွင့်လှစ်ထားသော ဖျော်ဖြေရေးစင်တာ ၃ ခုအား မလေးရှား လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာဟုဆိုသူ ၉၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

မလေးရှားတွင်နေထိုင်သူ မွှားမိုက်ကယ်က “လက်ရှိ အော်ပရာစီ ရဲ့ အနေအထားကတော့ ဆိုင်တွေရဲ့ လိုင်စင် တွေနဲ့ တရားမဝင်ရောင်းတဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ သူတို့အခုလက်ရှိ စစ်ဆေးနေတယ်ပေါ့။ အခု စစ်ဆေးတဲ့နေရာမှာ မျက်မြင်တွေ့ရတာကတော့ ဒီဖမ်းသွားရင် လုံးဝ ညှိလို့မရဘူး။ ငွေလည်း လာဘ်ထိုးလို့ မရ ဘူး အရင်လိုမျိုး။ သူတို့ အော်ပရာစီ အစီအစဉ်ဆိုတော့ ထောင်ဒဏ် ၇ လ သို့မဟုတ် ဒဏ်ကြေး ရင်းဂစ် တစ်သိန်း ပေးဆောင်ရတယ် တရားရုံးမှာ” ဟု ဆက်ပြောသည်။

ကိုဗစ်ကာလ အလွန်နောက်ပိုင်း မလေးရှားနိုင်ငံ၌ ဖမ်းဆီးစစ်ဆေးမှု အများအပြား ရှိခဲ့သော်လည်း မြန်မာသံရုံး အနေဖြင့် တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ခြင်းမျိုး မရှိခဲ့သောကြောင့် ယခုကဲ့သို့ သံရုံး၏ အသိပေးချက်နှင့် ပတ်သက်၍ မလေးရှားရောက် မြန်မာများမှာ အံ့အားသင့်နေကြသည်။

သို့သော် သံရုံးအနေဖြင် ယခုကဲ့သို့ အသိပေးချက် ထုတ်ပြန်မည့်အစား ကူညီဖြေရှင်းပေးရန် နည်းလမ်း ကြိုးစား သင့်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြော သည်။

မလေးရှားမှာ နိုင်ငံခြားသားတွေ ဖမ်းဆီးခံထားရစဉ်

၎င်းက “ပတ်စပို့ အသစ်လျှောက်ရင် ၃ လ၊ ၅ လ၊ ၆ လကနေ တစ်နှစ်အထိ ကြာတယ်။ ဆိုတဲ့အခါကြတော့ မြန်မာ အများစုမှာ ဘာစာရွက်စာတမ်းမှ မရှိဘူး။ နောက် UNHCR မှာ အကာအကွယ် စောင့်ရှောက်မှု တင်တဲ့ဟာကြ တော့လည်း နှစ်နဲ့ချီကြာတယ်။ ဘာမှ မြန်မြန်ဆန်ဆန် လုပ်ပေးတာမရှိဘူး။ ဆိုတော့ အဲဒီမှာ မြန်မာအလုပ်သမား တော်တော်များများက သိန်းနဲ့ချီရှိတယ်။ ၃၀ ရာခိုင်နှုန်းက စာရွက်စာတမ်းတို့၊ အထူးသဖြင့် ပတ်စပို့နဲ့ပါမစ်ရှိတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ဘာမှမရှိဘူး။ သံရုံးက ထုတ်ပြန်တာ မှန်တယ်။ အဲဒီလို ထုတ်ပြန်တယ်ဆိုတာထက် အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒါကို ဘယ်လို ကူညီမလဲ။ ဒီပတ်စပို့တွေကို အမြန် ဆုံးရအောင် ဘယ်လိုလုပ်မလဲ။ ဥပမာ ဘင်္ဂလားဒေ့ရှ်သံရုံးဆို သိရသလောက်က ဒီနေ့တင်လိုက်ရင် မနက်ဖြန် ပတ်စပို့ ထုတ်ပေးပြီ။ ဒါပေမယ့် အချက်အလက်တော့ ပြည့်စုံရတာပေါ့လေ” ဟု ပြောသည်။

မလေးရှားအစိုးရမှ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများအား တရားဝင် လုပ်ကိုင်ခွင့်ပြုသည့် ရီကာလီ ဘရာစီပါမစ် RTK အား တရားမဝင် မြန်မာများအနေဖြင့် ကိုက်ညီမှုရှိပါက လျှောက်ထားကြရန် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းထားသေးသည်။

ထိုအစီအစဉ်အား  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်ပေးမှာ ဖြစ်သော်လည်း သတ်မှတ်ကာလ ထပ်မံ တိုးသွားရန်ရှိကြောင်းနှင့် ၎င်းသတ်မှတ်ကာလ နီးကပ်လာပါက အဖမ်းအဆီးမှာ ယခုထက် ပို၍ များပြား လာဦးမည်ဖြစ်ကြောင်းလည်း မလေးရှားရှိ မြန်မာနိုင်ငံသားများက သုံးသပ်ကြသည်။