CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁

ပြီးခဲ့သည့်လတွင် သကြားစက်ရုံတချို့က ကြံတစ်တန်လျှင် ၁၁၀,၀၀၀(တစ်သိန်းတစ်သောင်း)ကျပ် ဈေးနှုန်း ဖွင့်ခဲ့သော်လည်း လက်ရှိတွင် ကြံတစ်တန်ကို ၁၂၀,၀၀၀(တစ်သိန်းနှစ်သောင်း)ကျပ်အထိ ဈေးနှုန်းတိုးမြှင့်၍ သတ်မှတ်လာကြသည်ကို တွေ့ရှိရသည်။

ရှမ်းပြည်နယ်ရှိ ငွေရည်ပုလဲ သကြားစက်ရုံနှင့် မိုင်းရယ်လ် သကြားစက်ရုံများက ကြံတစ်တန်ကို ၁၂၀,၀၀၀ ကျပ် ဖြင့် ဝယ်ယူမည်ဟု ပြောဆိုလာခြင်း ဖြစ်သည်။

လက်ရှိ သကြားဈေးနှုန်းသည် ကောင်းမွန်နေခြင်းကြောင့် ကြံဈေးနှုန်းများကို တိုးမြှင့်သတ်မှတ်လာခြင်းဖြစ်ပြီး ကြံခုတ်ရာသီ မတိုင်ခင်အထိ ကြံဈေးနှုန်းများ ထပ်မံတိုးမြှင့် လာနိုင်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟုတ်ပါတယ် စက်ရုံ ၂ ရုံကပါပဲ။ အရင် ၁၁၀,၀၀၀ ပေးတဲ့ စက်ရုံ ၂ ရုံက အခု ၁၂၀,၀၀၀ ဆိုပြီး ထပ်တိုး တာ။ ကျနော် အရင်က ပြောဖူးတယ်လေ။ ဒါက အခြေခံဈေးပါလို့။ သူတို့က အဲဒီလိုပဲ တိုးတိုးသွားလိမ့်မယ်လို့ ပြောတာ။ သူတို့လည်း ဒါက ဒီသဘောတရားပေါ်မှာ သူတို့လည်း ထပ်တိုးတာပေါ့နော်။ နောက်ထပ်လည်း တိုးရင် တိုးနိုင်သေးတာပေါ့။ လက်ရှိ သကြားဈေးနဲ့ တွက်ရင်ကို ထပ်တိုးလို့ရတဲ့ အခြေအနေမို့လို့။ တောင်သူတွေကတော့ ၁၃၀,၀၀၀ ဆိုရင် ၁၃၀,၀၀၀ တောင်မှ သိပ်မကျန်ဘူးလို့ အော်နေကြတာပဲ။ ဒါကတော့ သူတို့ရဲ့ တွက်ချက်မှုတွေနဲ့ သူတို့ရဲ့ သွင်းအားစုတွေကို သူတို့ကမှ သိတာဆိုတော့လေ။ အဲဒီလိုတော့ ပြောနေကြတာပဲ။ သို့သော်လည်းပဲ စက်ရုံဘက်ကတော့ ဒါဆိုရင် ကျန်ပါတယ်ပေါ့။ အမှန်ကတော့လည်း အကြမ်းဖျင်းအားဖြင့် တွက်မယ်ဆိုရင်တော့ လည်း ကျနော်တို့ တွက်ချက်မှုအရတော့ တောင်သူဘက်ကတော့ သိပ်မဆိုးဘူးလို့ ပြောလို့ရပါတယ်။ မျှော်လင့်လို့ ရသေးတယ်ဆိုတော့ ဒီထက်လည်း တချို့လည်း မြှင့်ပေးနိုင်မယ့် အနေအထားတွေတော့ ရှိနေပါသေးတယ်” ဟု ပြောသည်။

လက်ရှိ သကြားစက်ရုံများကပေးသည့် ကြံတစ်တန် ၁၂၀၀၀၀ ကျပ်သည် စက်ရုံအရောက် တောင်သူများက ပို့ပေးရမည့် ဈေးနှုန်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ သကြားစက်ရုံများကပေးသည့် ဈေးနှုန်းအတိုင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သကြားစက်ရုံများကလည်း တိုးမြှင့် ဝယ်ယူလာမည် ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူများက ပြောသည်။

ကြံတစ်တန် ၁၂၀၀၀၀ ကျပ်သည် တောင်သူများအတွက် သင့်တော်သည့်ဈေးနှုန်းဖြစ်သော်လည်း လက်ရှိ ဖြစ်ပေါ် နေသည့် သကြားဈေးနှုန်းများအရ ကြံတစ်တန်၏ ဈေးနှုန်းသည် ယခုထက်ပို၍ ရသင့်ကြောင်း၊ အနိမ့်ဆုံး ကြံ တစ်တန်လျှင် ၁၃၀၀၀၀ ကျပ် ရရန်အတွက် တောင်သူများက မျှော်မှန်းနေကြသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

ကြံချောင်းများကို တွေ့ရစဉ်

လက်ရှိ သကြားစက်ရုံတွေကပေးတဲ့ ကြံတစ်တန် ၁၂၀၀၀၀ ကျပ် ဆိုတဲ့ဈေးက စက်ရုံအရောက်ပို့ပေးရတဲ့ ဈေးဖြစ်တာကြောင့် တောင်သူတွေအနေနဲ့ ကြံတစ်တန်ကို တစ်သိန်းနီးပါးသာရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

“လေးလေးတို့ဘက်က ဝေမာက မနှစ်ကလည်း ငွေရည်ပုလဲလိုပဲ ငွေရည်ပုလဲပေးတဲ့ဈေး ပုံမှန်ပေးနေတော့ အခု ဝေမာက ငွေရည်ပုလဲဈေး ပေးမယ်ဆိုတာ သေချာတယ်။ ၁၂၀၀၀၀ ပေါ့။ သူက မနှစ်က ငွေရည်ပုလဲပေးတဲ့ ဈေးအတိုင်းပေးတာဆိုတော့လေ။ တောင်သူတွေကတော့ ၁၃၀၀၀၀ ခွဲလောက်၊ ၁၃၀၀၀၀ အနည်းဆုံးလောက် ထိတော့ လက်ရှိသကြားဈေးနဲ့ဆို သင့်တော်တဲ့အကြောင်း ပြောနေတာ။ လက်ရှိဖြစ်နေတဲ့ သကြားဈေးနဲ့ တောင်သူဈေးနဲ့ဆိုရင် တောင်သူဈေးက နည်းနေတာပေါ့။ အဲဒါကြောင့်မို့လို့ ၁၃၀၀၀၀ အောက်ခံ ၁၃၀၀၀၀ ခွဲလောက် သင့်တာပေါ့နော် တောင်သူတွေက” ဟု ပြောသည်။

ပြီးခဲ့သည့် ကြံရာသီတွင်လည်း ကြံဈေးနှုန်း ကောင်းမွန်ခဲ့ခြင်းကြောင့် တောင်သူများသည် ကြံများကို တိုးချဲ့ စိုက်ပျိုးခဲ့ကြကြောင်း၊ အလားတူ လက်ရှိ ကြံဈေးနှုန်းသည် တောင်သူများအတွက် အကျိုးအမြတ် ရှိနေခြင်း ကြောင့် လာမည့် ကြံစိုက်ရာသီတွင်လည်း စိုက်ပျိုးမှုနှုန်းများ ၂၀ ရာခိုင်နှုန်းခန့် တိုးလာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။

ကြံကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် အများဆုံး စိုက်ပျိုးကြပြီး လက်ရှိတွင် သကြားစက်ရုံများသည်လည်း တိုးချဲ့ဖွင့်လှစ်လာကြောင်း သိရသည်။