CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁

ပြည်ပနိုင်ငံများသို့ စေလွှတ်လိုက်သည့် လုပ်သားဦးရေစာရင်းအား ပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများအား အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ကြေညာထားသည်။

အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သည့် နိုင်ငံအလိုက် လုပ်သားဦးရေစာရင်းအား လစဉ် လဆန်း ၅ ရက် အတွင်း မဖြစ်မနေ ပေးပို့ရမှာဖြစ်ပြီး ပျက်ကွက်ခဲ့ပါက စေလွှတ်ရေးလုပ်ငန်းစဉ် စတင်ရပ်ဆိုင်းခြင်း၊ အသိပေး အကြောင်းကြားခြင်း၊ ထပ်မံ မလိုက်နာပါက ပိတ်ခံရခြင်းတို့ ဖြစ်မည်ဟု သိရသည်။

ပွင့်ဖူးအောင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “ဒါကတော့ကောင်းတဲ့ အလေ့အကျင့် တစ်ခုပဲ။ ဒီဟာတစ်ခုကိုမှ သူတို့မလိုက်နာဘူးဆိုရင်တော့ ဒီလုပ်ငန်းနဲ့ သူတို့နဲ့ အဆင်မပြေဘူးပေါ့။ လုပ်ငန်း အပေါ်မှာ စိတ်ဝင်စားမှုမရှိဘူးပေါ့။ ဒီ အီးမေးလ်လေး ပို့ပေးရတာ။ မပို့ရင်တော့ ဌာနကလည်း နောက်မှ ၄၊ ၅၊ ၆ လ ကျန်တဲ့လူတွေ ၇ လကျန်တဲ့လူတွေ မစေလွှတ်တဲ့လူတွေ ပေါ်လာတဲ့အခါကြတော့ သူတို့ဌာနကလည်း ထုတ် ရတာပေါ့။ ဘာလို့ဆို ပြင်ပမှာ မီဒီယာတွေက ရေးနေကြတာပဲလေ ဌာနက အရေးမယူလို့ဆိုတော့ သူတို့လည်း အဲဒီလို ရေးရတာပဲဖြစ်မှာပေါ့။ အဲဒါစာနဲ့လည်း ထုတ်ထားပြီး သားလေ စည်းကမ်းမလိုက်နာတဲ့အတွက် ဌာနက အဲဒီလို စာထုတ်ပြန်ရတာပေါ့။ တကယ်တမ်းလည်ပတ်နေတဲ့ အေဂျင်စီကတော့ update ပို့တယ်လေ။ အခုက မပို့တော့ဘဲနဲ့ တချို့ကြတော့လည်း ၇ လ၊ ၈ လ၊ ၉ လ ကြတော့မှ ကလေးတွေတိုင်သိတာမျိုးပေါ့။ ဌာနကလည်း လူအများကြီးနဲ့ အေဂျင်စီ ၄၀၀ ကျော်လောက်နဲ့ အလုပ်လုပ်နေရတာဆိုတော့ ထိုင်းနိုင်ငံက။ သူလည်း ဒီတစ်ခု ချင်းစီကို မသိဘူးလေ။ အဲဒီတော့ သိချင်လို့ သူပို့ခိုင်းတော့လည်း မပို့တော့ အဲဒီလိုမျိုး စာထုတ်တာ ဖြစ်ပါလိမ့် မယ်။ မပို့ပေးတဲ့ ကုမ္ပဏီတွေကလည်း ဒါစေလွှတ်ထားခြင်းမရှိလို့ နေလိမ့်မယ်” ဟု ပြောသည်။

ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်

စေလွှတ်သည့် လုပ်သားဦးရေ စာရင်းရှိပါက email ဖြင့်ဖြစ်စေ စာနှင့်ဖြစ်စေ ပေးပို့နိုင်ကြောင်း၊ စေလွှတ်သည့် လုပ်သားဦးရေ မရှိပါကလည်း မရှိကြောင်းကို တင်ပြရမည်ဖြစ်သည်။

ထို့အပြင် လက်ရှိတွင် စက်တင်ဘာလအတွက် စာရင်းပေးပို့ရန် ကျန်ရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၈၁ ခု ရှိကြောင်း Safe Migration က ထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်ယူဆောင်ထားပါက အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်ခိုင်းသည့် ကိစ္စ ရပ်များအား မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း လပ်ကီးပြည်ပ အလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ စေလွှတ်တဲ့ စာရင်းအတိအကျ တောင်းတယ်။ တောင်းနေတာ ၃ လလောက်ရှိပြီ။ အဲဒီမှာ တချို့ အေဂျင်စီတွေက မပေးဘူး။ မပေးဘူးဆိုတာ သူတို့မပေးဖြစ်တာလည်း ပါမယ်။ ပေးပို့ဖို့ မသိတာလည်းပါမယ်။ အဲဒီအခါကြတော့ ဟိုဘက်က ဌာနဆိုင်ရာက အလုပ်လုပ်တော့ စာရင်းအတိအကျ လုပ်လို့မရဘူး ဖြစ်နေတယ်။ ပုံမှန် ပေးလိုက်ရင် ပြီးသွားပြီကိစ္စက။ လိုင်စင်ကြီး ယူထားမှတော့ ဒီအလုပ်ကတော့ လုပ်ရမှာပေါ့။ မပေးလို့မရဘူး လေ။ တချို့ကြတော့လည်း လိုင်စင်ယူထားပြီးတော့ ဝန်ထမ်းတောင်မရှိတာ ရှိမှာပေါ့။ မပြောတတ်ပါဘူး။ ဒါပေ မယ့် ဌာနဆိုင်ရာဆီက ဒီလိုင်စင်ကြီး ယူထားပြီး မပေးဘူးဆိုတာကတော့ သဘာဝမကျပါဘူး။ အခု လိုင်စင်ပေါင်း က ၄၇၀ လောက်ရှိသွားပြီလေ။ လစဉ် လဆန်း ၅ ရက်နေ့မတိုင်ခင် ပေးကိုပေးရမှာလေ။ အမှန်တကယ် လုပ်တဲ့ လူတွေကလည်း ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်နေတော့ ကိုယ့်တာဝန်ကျေရင် ပြီးပြီလေဒါက” ဟု ပြော သည်။

မြန်မာအလုပ်သမားများကို တွေ့ရစဉ်

လက်ရှိတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ လုပ်သားခေါ်ယူမှုနှုန်းထား ကျဆင်းနေသည့်အတွက် ပြည်ပ ထွက်ခွာမည့် လုပ်သားများအနေဖြင့် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်းနှင့် စိတ်မြန် လက်မြန်လုပ်ပါက အလိမ်ခံရသည့် အကျိုးဆက်ကို ရနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက အကြံ ပြုသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အလုပ်သမားဝန်ကြီးဌာနထံမှ လိုင်စင်ရရှိထားသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီ အရေအတွက်မှာ ၄၈၄ ခုရှိပြီး ထိုထဲတွင် ယာယီပိတ်သိမ်းသည့် ကုမ္ပဏီ ၁၀ ခုရှိသောကြောင့် စုစုပေါင်း ၄၇၄ ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။