CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ ကုန်စည်တချို့ကို မောင်တော နယ်စပ်မှတဆင့် တင်ပို့ခွင့်ကို ကန့်သတ်လိုက်ပြီး စစ်တွေ နယ်စပ်ကုန်သွယ်ရေးတွင်သာ တင်ပို့ရမည်ဟု သတ်မှတ်လိုက်ခြင်းကြောင့် လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု မရှိသလောက် ဖြစ်နေသည်ဟု မောင်တောကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့မှစတင်၍ ရေထွက်ကုန်ဖြစ်သည့် ရေချို၊ ရေငန် ငါးမျိုးစုံနှင့် စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်းနှင့် ကြက်သွန်နီ စသည့် ကုန်စည်များကို စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုသွားမည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် မောင်တောကုန်သည်များသည် ကန့်သတ်ထားသည့် ကုန်စည်များအပြင် တခြားသော ကုန်သည်များ တင်ပို့မှုသည်လည်း နည်းပါးနေကြောင်း၊ လာမည့် ပွင့်လင်းရာသီကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက CNI သတင်းဌာနသို့ ပြောသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကြက်သွန်အိတ်များကို ကုန်သွယ်ယာဉ်ပေါ်သို့ ပို့ဆောင်နေစဉ်

“ကန့်သတ်လိုက်တယ်ဆိုတော့ ကန့်သတ်လိုက်တဲ့အပေါ်မှာ ကုန်သည်တွေက အဆင်ပြေတဲ့နေရာကနေ သွားရတာပေါ့ ဒီမှာက အဆင်မပြေဘူးဆိုလို့ရှိရင် အဲဒီလိုပေါ့။ ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေလည်း မရှိ သလောက်ပဲ။ တခြားပစ္စည်းတွေလည်း သွားလို့မရဘူး။ ပွင့်လင်းရာသီ နီးလာပြီမလား ပွင့်လင်းရာသီအပေါ်မှာ ကြည့်ပြီးတော့မှ သွားရမယ်” ဟု ပြောသည်။

ထို့ကြောင့် လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကုန်စည်ပို့ဆောင်မှုသည် မရှိသလောက် ဖြစ်နေပြီး ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေသည်ဟု ကုန်သည်များက ပြောသည်။

တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မှာယူမှုများသည် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင်သာ တင်ပို့ခွင့်ရသည့် ကုန်စည်များ ဖြစ်နေခြင်းကြောင့် မောင်တောကုန်သည်များ အခက်တွေ့နေရကာ၊ လက်ရှိတွင် လိုင်စင် လက်ကျန် ရှိနေသူများသာ တင်ပို့ခွင့်ရနေခြင်း ဖြစ်သည်။


မောင်တောကုန်သည်များအနေဖြင့် ကုန်စည်များကို တင်ပို့မည်ဆိုပါက စစ်တွေကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့ရမည် ဖြစ်သည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုမှ ကုန်တင်ကုန်ချလုပ်သားများ

ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကုန်စည်မှာယူမှုအပေါ်တွင်သာ မူတည် နေခြင်းကြောင့် လက်ရှိတွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်စည်ပို့ဆောင်မှုသည် ပုံမှန်အနေအထား တွင်သာ ရှိနေသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုကတော့ ပစ္စည်းကုန်ပို့နေတာကတော့ ကျနော်တို့ဘက်ကတော့ ပုံမှန်ပို့နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝယ်ယူမှုအပေါ်မှာတော့ မူတည်တာပေါ့လေ။ သူတို့ဘက်က ဝယ်ယူမှုအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပို့နေရတဲ့ အနေအထား ဖြစ်တဲ့အတွက် လက်ရှိအနေအထား ကတော့ တအားကြီး တိုးတက်လာတဲ့ အနေအထားတော့ မရှိသေးပေမယ့် ပုံမှန် မှန်တမ်း(မှန်မှန်)လေးလောက်ပဲ သွားနေတဲ့ အနေအထားပဲ ရှိပါတယ်ဗျ။ တအားကြီး ဝုန်းဒိုင်း တက်လာတဲ့ အနေအထားတော့ မရှိသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုက မိုးတွင်းကာလဆိုတော့ မောင်တောပဲသွားသွား၊ စစ်တွေပဲသွားသွား အခုက ရာသီဥတုအပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ကတော့ ပွင့်လင်းရာသီပေါ့လေ ၁၀ လပိုင်းကုန်လောက် ဆိုရင်တော့ ပွင့်လင်းရာသီ ရောက်ပြီဆိုလို့ရှိရင်တော့ ပိုပြီးတော့ အခုပို့နေတာတွေထက် တက်လာဖို့တော့ မျှော်လင့်ထားပါတယ်ဗျ” ဟု ပြောသည်။

တခြားသော ကုန်စည်များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ရာတွင် ခက်အခဲ မရှိသော်လည်း ရေထွက်ကုန်များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့ရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရခြင်းနှင့် ပင်လယ်ပြင်ကို ဖြတ်သန်းရသည့် အချိန်သည် ကြာမြင့်ခြင်းတို့ကြောင့် ရေထွက်ကုန်များ အရည်အသွေးကျဆင်းပြီး ဈေးနှုန်းရရှိမှု နည်းပါးသွားကြောင်း ကုန်သည်များက ပြောသည်။

 ထို့ကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုဖြင့် ရေထွက်ကုန် များကို တင်ပို့ခွင့် ပြုသင့်ကြောင်း ကုန်သည်များနှင့် ငါးလုပ်ငန်းရှင်များက တောင်းဆိုမှုများ ရှိနေသည်။

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ  ၆ လအတွင်း  ကုန်သွယ်ရေး စခန်းနှစ်ခုမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ကုန် အမေရိကန် ဒေါ်လာ  ၈ ဒသမ ၇၇ သန်းခန့် တင်ပို့ထားနိုင်ခဲ့ကြောင်း၊ မောင်တော ကုန်သွယ်ရေး စခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁.၄၂၅ သန်း နှင့် သွင်းကုန် ၀.၀၀၄ သန်းခန့် ဆောင်ရွက်ခဲ့ပြီး ၊ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၀.၅၁၈ သန်း ကုန်သွယ်နိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။