၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က အစိုးရစာရင်းအရ စပါးအထွက်နှုန်း တင်း သိန်း ၇၂၀ ရှိခဲ့ရာ ယခုနှစ်၌ စပါးအထွက်နှုန်း မှာ တင်း သိန်း ၄၀၀ အောက်အထိ လျော့ကျနိုင်သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်မားသမဂ္ဂနှင့် တောင်သူများက ပြော သည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မြေဆီ (ဓာတ်မြေဩဇာ) ဈေးနှုန်းများ မြင့်မားမှုကြောင့် လယ်ယာများတွင် မြေဆီများ လျော့သုံးခဲ့ရသည့်အတွက် ယခုကဲ့သို့ စပါးအထွက်နှုန်း လျော့နည်းနိုင်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် တောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ဆိုသည်။
ဦးကျော်ဇံက “အခက်အခဲကတော့ ပုံမှန်အားဖြင့်ကတော့ ရခိုင်တောင်သူတွေက ရာသီဥတုဒဏ်ကြောင့် ကြုံရတဲ့ အခက်အခဲ ကတော့ ပုံမှန်အခက်အခဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အဲလို အခက်အခဲမျိုးရှိတယ်။ ဒါပေမယ့်လို့ နောက် ထပ် တိုးလာတာက စိုက်ပျိုးရာသီမှာ ပုံမှန်အားဖြင့် သုံးကြတဲ့ မြေဆီ (ဓာတ်မြေသြဇာ)ကို မသုံးနိုင်ဘူး။ မြေဆီ (ဓာတ်မြေ သြဇာ)က တော်တော်လေးကို ဈေးက ထိုးတက်သွားတယ်။ တစ်ဆလောက်ကို ထိုးတက်သွားတဲ့အခြေအနေရှိတယ်။ အဲအပေါ်မှာ တောင်သူတွေက မသုံးနိုင်ကြဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “တောင်သူတွေကလည်း တောက်လျှောက်ဆိုသလို အခက်အခဲတွေက ကြုံလာကြရတာကိုး။ အဲအချိန် မှာ ဒီနှစ်က ဆိုးဆိုးဝါးဝါး ကုန်ဈေးနှုန်းက တက်သွားတော့ မြေဆီ (ဓာတ်မြေသြဇာ) ဈေးတက်တော့ မသုံးနိုင်ကြဘူး။ မသုံး နိုင်တဲ့ အပေါ်မှာ ဘယ်လောက် ကျသွားနိုင်လဲဆို ၄၀ ရာခိုင်နှုန်းလောက် ကျသွားနိုင်တယ်” ဟု ဆိုသည်။
ယခင်နှစ် စပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် မြေဆီဩဇာ တစ်အိတ်အား ၃၅၀၀၀ (သုံးသောင်းခွဲ)ကျပ် ရှိခဲ့ပြီး ယခုနှစ်မှာ တော့ ၆၃၀၀၀ (ခြောက်သောင်းသုံးထောင်) ကျပ်ထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။ထို့ကြောင့် မြေဆီ (ဓာတ်မြေသြဇာ)သုံးစွဲရသည့် စပါးစိုက်တောင်သူများမှာ လိုအပ်သလောက် အသုံးမပြုနိုင်၍ ယခုကဲ့သို့ စပါးထွက်နှုန်း လျော့ကျနိုင်ခြေနှင့် ကြုံလာခြင်း ဖြစ်သည်။
ကုန်သွယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနန္ဒာက ဓာတ်မြေသြဇာ ဈေးတက်ရခြင်းမှာ ကိုဗစ်ရောဂါကြောင့် တရုတ်နယ်စပ် များ ပိတ်ထားရကာ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သွင်းကုန်များ ရပ်တန့်နေကြောင်း၊ ထိုသို့ တင်သွင်းခွင့် မရသည့် အတွက် ဓာတ်မြေသြဇာများ လိုအပ်သလောက် မရောက်ရှိသည့်အတွက် ဈေးကွက်မှာ ရှားပါးမှုဖြစ်ကာ ဈေးတက်လာခြင်း ဖြစ်ကြောင်း ဆိုသည်။
ရခိုင်ပြည်နယ်မှ တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရာတွင် တစ်ဧက (တင်း ၃၀) မှ ၁၅၀၀၀၀ (တစ်သိန်းခွဲ)ခန့်သာ ရရှိ ကြောင်းနှင့် ယခုကဲ့သို့ မြေဆီသြဇာဈေးများ ဆက်လက် တက်နေမည်ဆိုပါက လာမည့်နှစ်၌ တောင်သူများအနေဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ရခိုင်ပြည်နယ် ဂွမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သည့် ဦးမင်းဦးက ဆိုသည်။
၎င်းက “မြေဆီ (ဓာတ်မြေသြဇာ) တစ်အိတ်ကို ၇၀၀၀၀ (ခုနှစ်သောင်း) လောက်ဖြစ်နေတော့ တောင်သူတွေအနေနဲ့ စားဖို့ အတွက်တောင် အနိုင်နိုင် ဖြစ်နေရတဲ့ အခြေအနေလေ။ အဲလိုအခြေအနေမှာ စပါးကို မြေသြဇာ မကျွေးနိုင်ဘူး။ မကျွေး နိုင်တဲ့ အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ တစ်နှစ်ထက် တစ်နှစ် လာမယ့်နှစ်မှာဆိုရင် စပါးအထွက်နှုန်းဟာ တစ်ဝက်နီးပါး လျော့ကျနိုင်တဲ့ အခြေအနေမှာ ရှိတယ်” ဟု ပြောသည်။
ယခုနှစ် စပါးထွက်နှုန်းမှာ ရခိုင်ပြည်နယ်အတွင်း ဖူလုံမှုရှိသည့်အပြင် ပိုလျှံမှုများရှိကြောင်း ရခိုင်ပြည်နယ်တောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
သို့သော် စပါးများမှာ လယ်သမားများထံတွင် လက်ဝယ်မထားနိုင်ပဲ ကုန်သည်ပွဲစားများထံတွင်သာ ကျန်ရှိသည့်အတွက် ဈေးနှုန်းမြင့်မားလာနိုင်ပြီး အခြေခံလူတန်းစားများ အနေ ဖြင့် စားဝတ်နေရေး ကျပ်တည်းလာနိုင်ကြောင်း ၎င်းက ဆိုသည်။
အစိုးရမှ တောင်သူတစ်ဦးအား တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ) ခန့် ချေးငွေထုတ်ပေးသော်လည်း ယခုနှစ် တွင် အစိုးရချေးငွေ မရရှိကြောင်းနှင့် ရခိုင်ပြည်နယ်၌ စပါးစိုက်ပျိုးသည့် တောင်သူဦးရေမှာ ယခင်ကထက် နည်းလာ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် အစိုးရစာရင်းအရ စပါးစိုက်ပျိုး ဧကပေါင်း ၁,၀၄၀,၀၀၀ (ဆယ်သိန်းလေးသောင်း) ရှိကာ ရခိုင်ပြည်နယ်မှ စပါးများကို မြန်မာနိုင်ငံ တစ်၀န်းလုံးသို့ တင်ပို့ကြောင်း၊ တချို့ ရခိုင်စပါးများသည် မြန်မာပြည်မှတဆင့် ပြည်ပနိုင်ငံသို့ တင်ပို့မှုများရှိကြောင်း သိရသည်။