၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈
အိန္ဒိယက မတ်ပဲတန်ချိန် ၂၅၀၀၀၀ (နှစ်သိန်းခွဲ) တိုးမြှင့်ပြီး တင်သွင်းခွင့် ပြုလိုက်ခြင်းကြောင့် ပြည်တွင်း ပဲစျေးကွက်အတွင်း အဝယ်လိုက်နေသည့်အပြင် လက်ရှိတွင်လည်း ပြီးခဲ့သည့် တစ်ပတ်ထက် ပဲတစ်အိတ်လျှင် ကျပ် ၅၀၀၀ (ငါးထောင်) ဝန်းကျင် ဈေးထပ်မံမြင့်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္ဒိယအစိုးရမှ မတ်ပဲနှင့် ပဲစင်းငုံ တင်သွင်းခွင့်အား ယခင်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုံးထားတင်သွင်းရန် သတ်မှတ်ထားသည်။ သို့သော် ယခုအခါမှာတော့ ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့် သတ်မှတ်ပေးကြောင်း ကြေညာထားသည်။
မန္တလေးမြို့ ပဲကုန်သည် ဦးသောင်းဉာဏ်က “ဈေးကတော့ အခုရက်ထဲ ခပ်သွက်သွက်ပဲ။ ပဲတီစိမ်းရယ်၊ မတ်ပဲရယ်၊ ကုလားပဲ အုပ်စုက ဈေးလည်း နည်းနည်းတက်တယ်။ အဝယ်လည်း တက်တယ်။ ရန်ကုန်နဲ့ပတ်သက်တဲ့ အဝယ်တွေက တက်တယ်။ အရင်တစ်ပတ်ထက် စာရင်တော့ ကျပ် ၄၀၀၀ (လေးထောင်)၊ ၅၀၀၀ (ငါးထောင်) လောက်တက်တာပေါ့။ ပဲစင်းငုံလည်း ဒီ အတိုင်းပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ရန်ကုန် အိပ်ပို့စ်(Export)သမားများ၏ အဝယ်ရှိနေခြင်း၊ ငွေဈေး မာနေခြင်း အပါအဝင် အိန္ဒိယနိုင်ငံက ပဲတင်သွင်းခွင့် ကာလတိုးမြှင့် ပေးခြင်းတို့ကြောင့် ပဲဈေးကွက်၌ ဈေးမြင့်ပြီး အဝယ်လိုက်နေသည်။ထို့ကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီ စိမ်း၊ ကုလားပဲ အစရှိသည့် ပဲများ တစ်အိတ်လျှင် ကျပ် ၅၀၀၀(ငါးထောင်)ဝန်းကျင်အထိ ပျမ်းမျှတက်လာကြောင်း ၎င်းက ရှင်းပြသည်။
မန္တလေး ပဲဈေးကွက်တွင် မတ်ပဲတစ်အိတ်လျှင် ယခင်က ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ)၊ ပဲစင်းငုံ တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း) ဝန်းကျင်ရှိရာ လက်ရှိမှာတော့ ကျပ် ၅၀၀၀ (ငါးထောင်)ခန့် ထပ်တိုး၍ တက်လာကြောင်း သိရသည်။
ထို့နောက် ရန်ကုန်ပဲဈေးကွက်တွင်လည်း မတ်ပဲ တစ်တန်လျှင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်က ကျပ် ၁၄၈၀၀၀၀ (တစ်ဆယ့် လေးသိန်း ရှစ်သောင်း)ကျော်ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၁၅၈၀၀၀၀ (တစ်ဆယ့် ငါးသိန်း ရှစ်သောင်း)ကျော် ဖြစ်လာသောကြောင့် ရက်ပိုင်းအတွင်း ကျပ် ၁၀၀၀၀၀ (တစ်သိန်း)၀န်းကျင် မြင့်တက်လာကြောင်း ပဲကုန်သည်များကဆိုသည်။
-
ပြည်တွင်း ပဲဈေးနှုန်းများ တရိပ်ရိပ် ဆက်တက်လာနေသည်မှာ ယခုဆိုလျှင် နှစ်လနီးပါးခန့်ရှိနေပြီးဖြစ်သည်။ တချို့ရက် များတွင် ငွေကြေးဈေးနှုန်းများကြောင့် အနည်းငယ် ကျဆင်းသည်မှလွဲ၍ ဈေးကွက်အတွင်း အမြင့်ဈေးတွင်သာရှိနေဆဲ ဖြစ်သည်။
ပဲဈေးကွက်တွင် လက်ကျန် နည်းပါးလာနေပြီး အိန္ဒိယမှ ယခုလို တင်သွင်းခွင့် ကာလ ထပ်တိုးပေးလိုက်သဖြင့် မြန်မာဘက်မှ အလျင်စလို တင်ပို့ရောင်းချရန် မလိုတော့ဘဲ အချိန်ပိုရခြင်းကြောင့် မြန်မာကုန်သည်များအနေဖြင့် ပဲစျေး လျှော့ရောင်းရန် အလားအလာမရှိကြောင်း သုံးသပ်ရသဖြင့် မြန်မာ့ပဲမျိုးစုံဈေးနှုန်းများ ကျဆင်းသွားဖွယ်ရာ မရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနက သုံးသပ်ရေးသားထားသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် အာဖရိကမှပင် ပဲဝယ်ယူ တင်သွင်းရန် ကြိုးစားလာသည်ကို ကြည့်ခြင်းဖြင့် နိုင်ငံတွင်း ပဲ လိုအပ်ချက် မြင့်မားနေကြောင်းနှင့် ခန့်မှန်းရနိုင်ကြောင်း ဧရာကုန်သွယ်မှုဗဟိုဌာနက လူမှုကွန်ယက် စာမျက်နှာ၌ ဖော်ပြ ထားသည်။
အလားတူ နောက်ထပ် ပဲဈေးကွက်တစ်ခုဖြစ်သော တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသည် ယခုလလယ် တွင် ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံ၌ ကျင်းပမည့် Covid-19 ကူးစက် ရောဂါနှင့်ဆက်စပ်သော အစည်းအဝေးကို နိုင်ငံတကာ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သောကြောင့် လုံခြုံရေးအရ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ဆက်လက် ပိတ်ထားဆဲ ဖြစ်သည်။
ထို့ကြောင့် တရုတ်ဘက်မှ ပြန်လည်တင်သွင်းသည့် စားတော်ပဲဈေးများ အနည်းငယ် မြင့်တက်နေပြီး ပြည်တွင်း ပဲဈေးအနေ နှင့်လည်း တရုတ်နိုင်ငံသို့ မသွားရသော်လည်း တခြားကုန်သွယ်ရေးလမ်းကြောင်းများ ရှိနေသည့်အတွက် ဈေးနှုန်းပြန်လည်ကျဆင်းရန် သိပ်မရှိကြောင်း ဦးသောင်းဉာဏ်က ဈေးကွက်အခြေအနေကို ပြောပြသည်။
“အခုကတော့ ငွေဈေး အတက်အကျလည်း ပါမယ်ထင်တယ်။ လောလောဆယ်တော့ ပဲဈေးကွက်က နည်းနည်းလေး ပြန်ကျ လိုက် ဈေးအေးသွားလိုက်နဲ့ လက်ကျန်လည်း ပေါတာမဟုတ်တော့ တအားကြီး ဈေးကွက်က ကျဆင်းသွားမယ်လို့တော့ ပြောလို့မရဘူး”ဟု ၎င်းက ပြောသည်။