၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉
နိုင်ငံတကာသို့ တင်ပို့သည့် သင်္ဘောလိုင်းများခက်ခဲသောကြောင့် ရန်ကုန်-မြဝတီ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း မှတစ်ဆင့် အထည်ချုပ်ကဏ္ဍမှ ချုပ်ပြီးအထည်များကို ထိုင်းနိုင်ငံမှတစ်ဆင့် တခြားနိုင်ငံများသို့ တင်ပို့မှုများ ရှိနေကြောင်း သိရသည်။
ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် ဦးဇော်ထွန်းလင်း က “အခုကတော့ ဟိုဘက်ကို ဖြတ်ပြီးတော့ ထိုင်းနိုင်ငံ လန်ချာဘန်ဆိပ်ကမ်း ကနေပြီးတော့ အထည်တွေ ထွက်နေတာရှိတယ်။ ရန်ကုန်ကနေ မြဝတီပေါ့။ အဲကနေ ထိုင်းနိုင်ငံ လန်ချာဘန်ကနေ သင်္ဘောနဲ့ သွားနေတာတွေ အခုလောလောဆယ် ဒီနှစ်မှာ ရှိနေတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူတာတော့ အဲဒါတွေကွာတယ်။ အိတ်စပို့ကို နယ်စပ်ကနေ ပြန်ထွက်နေတာ။ များသောအားဖြင့် ကုန်ကတော့ အခုလောလောဆယ် ဒါဖြစ်တယ်” ဟု လတ်တစ်လောကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနယ်စပ်မှတစ်ဆင့် မြန်မာပြည်တွင်းသို့ တင်သွင်းသည့် သွင်းကုန်အနေနှင့် မရှိသလောက် ဖြစ်နေပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် သွင်းကုန်တင်ပို့မှုက တော်တော်လေးကို နည်းပါးသွားကြောင်း ၎င်းက ပြောသည်။
ပို့ကုန်အနေနှင့် မြဝတီနယ်စပ်မှ တစ်ဆင့် ချုပ်ပြီးအထည်တင်ပို့မှုမှာ သုံးလေးနှစ်ခန့်ရှိနေပြီ ဖြစ်သော်လည်း ယခုနှစ်တွင် ပို၍ တင်ပို့မှုများလာကြောင်း သိရသည်။
ယခင် အစိုးရလက်ထက်က ထိုင်းနိုင်ငံ လန်ချာဘန်ဆိပ်ကမ်းမှ သီလ၀ါဆိပ်ကမ်းအထိ ကွန်တိန်နာယာဉ်များ အပြန်အလှန် သွားလာနိုင်ရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့်လည်း သွင်းကုန်ပြု လုပ်သည့် ကုမ္ပဏီများ အခက်တွေ့နေသဖြင့် ကုန်ကားသမားများ အနေနှင့် ကုန်ကားခများ ဈေးနှုန်းတက်ရန် အခက်အခဲရှိ နေသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဦးဇော်ထွန်းလင်းက “စက်သုံးဆီဈေးတက်တယ်။ ကားခတွေကို ကျနော်တို့က လိုက် တက်လို့ မရသေးဘူးပေါ့နော်။ အခုဆိုရင် ကျနော်တို့ တစ်လီတာကို ဓာတ်ဆီ၊ ဒီဇယ် ၁၁၆၀ ကျပ်၊ ၁၁၇၀ ကျပ် ဝယ်နေရ တယ်ပေါ့နော်။ အခုလောလောဆယ် ကားခကို သိသိသာသာကြီးတက်လို့ မရသေးဘူး။ ကျနော်တို့က စာချုပ်တွေနဲ့ သွားနေရတာဖြစ်တယ်။ ဒါပေမယ့် ရှေ့လလောက်တော့ ဈေးနည်းနည်းတက်မယ်လို့ စဉ်းစားထားတယ်။ ဆီဈေးဆက် တက်နေအုံးမယ်ဆိုရင်ပေါ့” ဟု ပြောသည်။
ပုံမှန်ဈေးဆိုသည်မှာ ကုန်တန်ချိန် ၃၀ တင်ဆောင်လျှင် ကျပ် ၉၅၀၀၀၀ (ကိုးသိန်းခွဲ) နှုန်းဖြင့် ရန်ကုန်-မြဝတီကို ပြေးဆွဲပေးနေပြီး လာမည့် အောက်တိုဘာလတွင် ယခုကဲ့သို့ ဆီဈေး ဆက်တက်မည်ဆိုလျှင် ကုန်ကားခဈေးနှုန်းများလည်း နည်းနည်းတက်ရန် စဉ်းစားထားကြောင်း ၎င်းက ရှင်းပြသည်။
“အရေးကြီးတာကတော့ Customer ပေးနိုင်လားပေါ့။ သူတို့မှာလည်း ဒီအချိန် အခက်အခဲတွေ ရှိတာပေါ့နော်။ အားလုံးက အခက်အခဲရှိနေတော့ တက်ဖို့ကတော့ လွယ်တော့မလွယ်ဘူး။ ကျနော်တို့ မတက်ပေမယ့် ကျနော် ထင်တာကတော့ တစ်ချို့ နေရာတွေတော့ရှိတယ်ပေါ့လေ။ ကားသွားလို့မရတဲ့အခါကျ
တော့ ကြိုက်ဈေးပေးပြီးငှားရတာတွေ ဘာတွေ ရှိမယ်ထင်တယ်” ဟု လက်ရှိအခြေအနေကို ပြောသည်။
လက်ရှိတွင်ကုန်ကားများပြေးဆွဲနေရသော်လည်း ကုန်စည်သယ်ယူပို့ဆောင်မှုတွင် ပုံမှန်မရှိကြောင်း၊ ယခင်ထက် အကြမ်းဖျဉ်း အားဖြင့် ၅၀ ရာခိုင်နှုန်းနီးပါးခန့်သာ လည်ပတ်ပြေးဆွဲနေရကြောင်း သိရသည်။
သို့သော် မြန်မာငွေဈေးကျဆင်းပြီး နိုင်ငံခြားသုံးငွေဈေးများ မြင့်တက်နေသဖြင့် ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်နေသဖြင့် တစ်ချို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးတွင်လည်း စရိတ်စကများက ယခင်ကထက် နေရာဒေသလိုက်၍ မြင့်တက်ခြင်းများလည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။