CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀

စက်မှုဝန်ကြီးဌာန၊အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားအစိုးရထံမှ ယူရိုငွေ ၁၀ ဒသမ ၅ သန်းရှိ နည်းပညာအကူအညီများ ရယူပြီး ပြန်လည်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သည် တည်ဆောက်ရေး လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုးရေးရှင်း (MEC)က မြန်မာငွေကျပ် ၉ ဒသမ ၀၀၁ ဘီလီယံကို စိုက်ထုတ် သုံးစွဲခဲ့ရပြီး ကုန်ကြမ်းလုံလောက်စွာ မရရှိခြင်း၊ Air Separation Plant ပျက်ခြင်း စသည်တို့ကြောင့် ပြီးခဲ့သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စက်ရုံရပ်ဆိုင်းခဲ့ရသည်။

လက်ရှိတွင် စီမံကိန်းပြန်လည်စတင်ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရေးကော်မတီကို သြဂုတ်လ ၂၃ ရက်နေ့တွင် နစက လက်အောက်ရှိ စက်မှုဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပြီး စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှ ဗိုလ်မှူးကြီးနှင့်ဒုတိယဗိုလ်မှူးကြီး၊ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အကြီးတန်း အရာရှိတို့ဖြင့်ပါဝင်ဖွဲ့စည်းခဲ့ကြောင်း ယခုလ ၁၆ ရက်ရက်စွဲဖြင့် မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ထားသည်။

ယင်း ကော်မတီအနေဖြင့် ရုရှားအစိုးရထံမှ ယူရို ၁၀ ဒသမ ၅ သန်းတန်ကြေးရှိ နည်းပညာ အကူအညီများရယူခြင်း၊ ရုရှားက တောင်းဆိုသည့် သီးသန့်ဓာတ်အားလိုင်းတစ်ခုရရှိရေးနှင့် စက်ရုံတည်ဆောက်ပြီးစီးပါက နည်းပညာလွဲပြောင်းမှုလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအပါအဝင် လုပ်ငန်းတာဝန် ၁၆ ခုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

ထိုစက်ရုံသည် နစက၏ ဦးစားပေးလည်ပတ်မည့် စက်ရုံများထဲမှ တစ်ခုဖြစ်ပြီး မြေဧရိယာ ၅၁၄၀ ဒသမ ၈၄ ဧက ကျယ်ဝန်း ပြီး သံစိမ်းနှင့်သံသတ္ထုရိုင်း ထုတ်လုပ်သောစက်ရုံဖြစ်ကာ ပင်းပက်တောင်တွင် သံရိုင်းသိုက်ရှိကြောင်းကို ၁၉၅၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သဖြင့် ၂၀၀၅ ခုနှစ်မှစတင်၍ အနီးအနားရှိ မြေအချို့ကိုသိမ်းကာ စက်ရုံတည်ဆောက်ခဲ့ခြင်းလည်းဖြစ်သည်။

ယခု သံမဏိစက်ရုံ ပြန်လည်တည်ဆောက်မှုပြီးစီးပါက တစ်နှစ်လျှင် သံစိမ်းတန်ချိန်နှစ်သိန်းကို ထုတ်လုပ် ရောင်းချနိုင်မည် ဖြစ်သည်။

စက်မှုဝန်ကြီးဌာနက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၊ အမှတ်(၂၁)အကြီးစားစက်ရုံ (သထုံ)၊ အမှတ်(၂၂)အကြီးစားစက်ရုံ(ဘီးလင်း)၊ အမှတ် (၃၁)အကြီးစားစက်ရုံ(သရက်)၊ အမှတ်(၃၂)အကြီးစားစက်ရုံ (ကြံခင်း)၊ အမှတ်(၃၄)အကြီးစားစက်ရုံ (သာယာဝတီ)၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၊ အမှတ်(၂)အထည်လိပ်စက်ရုံ (ပလိပ်)၊ အမှတ်(၄)အထည်စက်ရုံ(ပွင့်ဖြူ)၊ အမှတ်(၉)အထည်စက်ရုံ(ကျောက်ဆည်)၊ စက္ကူစက်ရုံခွဲ (ပလိပ်) အစရှိသည့် စက်ရုံ(၁၇) ခုကို ဦးစားပေးလည်ပတ်မည့် စက်ရုံများအဖြစ် လုပ်ဆောင်နေကြောင်း သိရသည်။