၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရွှေတုံးသစ် (၁ဝ)ကျပ်သားတိတိကိုသာ ရောင်းဝယ်ကြရန် စက်တင်ဘာ ၁၈ ရက်နေ့က သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ သတ်မှတ်ခြင်းသည် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ရောင်းဝယ်ပေးမည့် ရွှေအပိုင်း ပမာဏ ကိုသာ ကန့်သတ်ခြင်းဖြစ်ပြီး ပြင်ပ ပန်းထိမ်များ၏ ရောင်းဝယ်မှုနှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။

ယခင်က ထုတ်လုပ်ထားသည့် ရွှေတုံးများတွင် ကျပ်သားထက်ပိုသည့် ပမာဏ အစွန်းထွက်များ ပါရှိသည့်အတွက် ရွှေ အကြောင်းနှင့်ပတ်သက်ပြီး နားမလည်သူများက တွက်ချက်ရန် အခက်အခဲများ တွေ့ကြုံရသည့်အပြင် ရွှေဆိုင်များက လည်း အတုံးသစ်ကိုသာ ရောင်းဝယ်ကြရန် တင်ပြလာသည့်အတွက် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က“အရင်တုန်းက ထုတ်တဲ့ ရွှေတုံးတွေမှာ ၁၀ သားမှာ တစ်ရွေးစွန်း နှစ်ရွေးစွန်း၊ တစ်ပဲစွန်း အဲဒါတွေ ရွေးစွန်း ပဲစွန်းတွေ ရှိတယ်ပေ့ါ။ ရောင်းတဲ့ဝယ်တဲ့ အခါမှာကျတော့ ရောင်းတဲ့ ဝယ်တဲ့ လူတွေက အသစ်တွေ ဖြစ်တဲ့အခါကျတော့ ရွေးစွန်း ပဲစွန်းအတွက်ကို တန်ဖိုးတွက်ချက်တာ သိပ်နားမလည်ကြ ဘူး။ နောက်တစ်ခါ တချို့ဟာတွေကလည်း ကြာတာတွေရှိတယ်။ နှစ်ကြာတဲ့ဟာတွေကျတော့ ကျနော်တို့ ပြန်ပြီးတော့ စံချိန်မှာ သွားပြီးတော့ ပြန်ချိန်ရတာပေါ့။ စံသတ်မှတ်တဲ့ဆီမှာ သွားပြီး ပြန်ချိန်တာတို့ ပြန်စစ်ဆေးတာတို့ လုပ်ရတဲ့ အခါ ကျတော့ ရောင်းတဲ့လူရော ဝယ်တဲ့လူရောက အချိန်တစ်ခု ကြာသွားတယ်ပေါ့”ဟု ပြောသည်။

အကယ်ဒမီမှ နောက်ထုတ်သည့် အတုံးအသစ်များသည် (၁၀)ကျပ်သားအတိဖြစ်ပြီး အတုံးပေါ်တွင် ကုဒ်နံပါတ်ပါရှိကာ ရွှေအရည်အသွေးလည်း တခါတည်းဖော်ပြထား၍ ရွှေတုံးအဟောင်းများအား ရွှေတုံးအသစ်ဖြင့် လဲလှယ်နိုင်ကြောင်း သိရသည်။

ဝယ်ယူသူများကလည်း (၁၀)ကျပ်သားအတိ အတုံးအသစ်များကိုသာ ဝယ်ယူချင်ကြကြောင်းနှင့် ထိုသို့ သတ်မှတ်လိုက် သည့်အတွက် ရောင်းဝယ်ပိုမြန်သွားကြောင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် ရှင်းပြသည်။

၎င်းက “အရင်တုန်းကတော့ ကျနော်တို့က ဒီအဟောင်းတွေဆိုလို့ရှိရင် ရောင်းတဲ့ဝယ်တဲ့ ပိုက်ဆံ ငွေရှင်း ခါနီး ကျရင် သမာဓိ ချိန်ခွင်မှာ သွားပြီးတော့ ဒီဟာကို အလေးချိန်က ၁၀ သားနဲ့ ဘယ်လောက် ဘယ်နှရွေးရှိလဲ၊ ဘယ်နှပဲ ရှိလဲ အဲ့ဒါကို သွားပြီးတော့ ချိန်ရတယ်။ နောက်ဒီဟာကိုလည်း ၉၉.၉၉ ပြည့်မပြည့်ကို ပြန်ပြီးတော့ စစ်ရတယ်။ စစ်တဲ့အတွက် စစ်ဆေးခ လည်း ထပ်ကုန်တယ်။ အချိန်လည်း ကုန်တယ်။ အခုနောက်ပိုင်းကျတော့ အဲ့ဒါမလိုတော့ဘူး။ အကယ်ဒမီဖို ကနေပြီးတော့ သီးခြား ပြန်ပြီးတော့ လုပ်ပေးလိုက်တဲ့အတွက် ကျနော်တို့ စစ်ဆေးစရာ မလိုတော့ဘူး။ ကျနော်တို့ အရောင်းအဝယ်ပိုပြီး တော့ မြန်သွားတဲ့ သဘောရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ရွှေဈေးနှုန်းမှာ ယခုကဲ့သို့ ဈေးနှုန်းမရှိသလို ဝယ်လိုအားလည်း သိပ်မရှိကြောင်း၊ ယခုနှစ်တွင် ရွှေ ဈေးနှုန်း မြင့်တက်လာသလို ဝယ်လိုအားလည်း များကြောင်း၊ ရွှေဈေးသည် မကြာခင် ပြန်ကျသွားမည့် အခြေအနေမှာ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။

ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့ရွှေဈေး အဖွင့်ဈေးနှုန်းမှာ ၁,၈၃၀,၀၀၀(ဆယ့်ရှစ်သိန်းသုံးသောင်း) ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ကျဆင်းလျက်ရှိပြီး ယနေ့ ကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၈၉၀ ကျပ် (KBZ ဘဏ်မှသိရ)ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၀၀ ကျော်အထိ ရှိခဲ့ပြီး မြန်မာ့ ရွှေဈေးမှာလည်း ကျပ် ၁၉ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။