၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀

ပြည်ပသို့ စပါးတင်ပို့ရောင်းချမှုကို အားမပေးလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်ကို ရောက်ရှိစဉ်က ပြောကြားခဲ့သည်။

ဒေသတွင်းမှာပင် စပါးမှဆန်အဖြစ်သို့ ထုတ်လုပ်ပါက ဆန်စက်များ လည်ပတ်နိုင်ခြင်း၊ ဖွဲ၊ ဆန်ကွဲကဲ့သို့ ဆန်ထွက်ပစ္စည်း များမှ တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည် ဖြစ်သောကြောင့် ပြည်ပသို့ စပါးတင်ပို့မှုကို အားမပေးလိုကြောင်း ၎င်းကပြောသည်။

ထို့ပြင် ဒေသတွင်း သယံဇာတ ကြွယ်ဝသောသစ်နှင့် ဝါးကုန်ချောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် စဉ်းစားလုပ်ဆောင် စေလိုပြီး စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ယခုထက် တစ်ဧကအထွက်နှုန်းကို တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း ၎င်းကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက “စပါးတင်ပို့တဲ့အခါကျရင်တော့ ကျနော်တို့က ဗျာ.. ပြည်တွင်းမှာရှိတဲ့ ဆန်စက်တွေ အလုပ်မရဘူးပေါ့နော်။ အဓိကကတော့ ဆန်စက်လုပ်ငန်းရှင် တွေက ပြီးခဲ့တဲ့အခေါက်ကတည်းက ကန်းသွားတာ။ ဒုတိယအချက်ကတော့ ဆန်လက်မလည်တဲ့အတွက် စပါးအတိုင်းပို့တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဆန်စက်လည်လို့မရဘူး။ နောက်တချက်က စပါးကို ဆန်ဖွတ်တဲ့အခါကျတော့ ကျန်တဲ့ ဖွဲနုတို့ဘာတို့ ကျန်တဲ့ဟာတွေထွက်တာပေါ့။ အဲ့ဒါက တိရစ္ဆာန်အစာ ဖြစ်တာပေါ့။ စပါးတိုင်းသွားရင်တော့ ကျနော်တို့ အဲဒါတွေမရဘူးပေါ့နော်” ဟု ပြောသည်။

စပါးကို ပြည်ပသို့တင်ပို့လျှင် ကုန်ကြမ်းပစ္စည်းများဖြစ်သော တိရစ္ဆာန်အစာထွက်ပစ္စည်းများ ပြည်တွင်း၌ ရှားပါးလာ နိုင်ခြင်းကြောင့် ပြည်ပတင်ပို့ခွင့်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုထားခြင်း မရှိပေ။

အကယ်၍ စပါး ပြည်ပသို့တင်ပို့လျှင် ပို့ကုန်/သွင်းကုန် ဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်ကြောင်း သိရသည်။

ပြည်တွင်းမှ စပါးကို မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ တရားမဝင်တင်ပို့နေခြင်းမှာ ၄၊ ၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ပိုမို တင်ပို့မှုများရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း တရုတ်နိုင်ငံသို့ စပါးမှောင်ခိုတင်ပို့မှုကို တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရ နှင့် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။

စပါးသီးသန့်ဝယ်ယူခြင်းမှာ မြန်မာနိုင်ငံမှထွက်ရှိသော ဆန်ချောများကို ဝယ်ယူခြင်းထက် ဈေးပိုသက်သာခြင်း၊ စပါး ဝယ်ယူပြီး တရုတ်ပြည်မသို့ ပြန်လည်တင်ပို့သည့်အခါ အမြတ်ငွေများ ရရှိခြင်းတို့ကြောင့် စပါးဝယ်ယူမှုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင် သက်ရင့်စပါးများပေါ်နေပြီး အစိုတင်း ၁၀၀ လျှင် ကျပ် ၅၃၀၀၀၀(ငါးသိန်းသုံးသောင်း)ဖြင့် ရောင်းချလျက်ရှိကာ လယ်သမားများအနေဖြင့် ယခုနှစ်တွင် သွင်းအားစု ဓာတ်မြေဩဇာများ စရိတ်မြင့်တက်မှုကြောင့် အခက်အခဲများနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။