၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် ဈေးကွက်အတွင်း စားသုံးသူများ သင့်တင့်မျှတသော စျေးနှုန်း ဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးဆီဈေးများကို ဈေးနှုန်းသတ်မှတ်၍ စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ စားသုံးဆီဈေးများ ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက္ကားဈေးဖြင့် ရောင်းချပေးနေသော ကုန်သည်ကြီးများသို့ ရောင်းချပေးနေကာ ပြည်သူများ သက်သာရေးဆောင်ရွက်ပေးနေခြင်း ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က “ကျနော်တို့ ဒီမှာ လက္ကား ကုန်သည်ကြီးတွေပေါ့၊ ပြည်နယ်နဲ့တိုင်း ဖြန့်ဖြူးတဲ့ သူတွေကို ပွဲရုံဆိုလည်း ပွဲရုံပေါ့။ ဆီပေပါ ၅ လုံးကနေ အလုံး ၄၀ အထိ ပေးတာတွေ ရှိပါတယ်။ မနေ့ကဆိုရင် လူအယောက် ၂၀၀ ကျော်လောက်ကို ပေးလိုက်တာ ရှိပါတယ်။ ချက်ချင်းစိစစ်ပြီး ချက်ချင်းချပေးတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တဆင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများကို တိုက်ရိုက် ရောင်းချပေးခဲ့သော နိုင်ငံခြားငွေနှင့် ညီမျှသည့် စားအုန်းဆီများအား တစ်ပိဿာလျှင် ၃၇၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။
ရွှေပြည်သာမြို့နယ်ရှိ အိမ်ရှင်မ တစ်ဦးက "စားအုန်းဆီဈေးက ရှေ့လက တစ်ပိဿာကျပ် ၄၀၀၀ ကျော်ကနေ အခုဒီနေ့ မနက်မှာဆိုရင် ရပ်ကွက်ထဲဈေးမှာတင် တစ်ပိဿာ ကျပ် ၅၀၀၀ ဖြစ်နေတယ်။ ဈေးတွေက တက်ပြီးရင် ပြန်မကျဘူး။ တက်ပဲနေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေသည့်အတွက် စားသုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုအား တားဆီးနိုင် ရန် အပါအ၀င် ဈေးကွက်အတွင်း စားသုံးဆီများ ပြတ်လတ်မှု မရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် အသင်းအနေဖြင့် စီမံဆောင်ရွက် ရောင်းချပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအ သင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အကျိုးအမြတ် (၂)ရာခိုင်နှုန်းထက် မပိုသော လက်လီ/လက္ကား ရောင်းချပေးနိုင်သည့် ကိုယ်စားလှယ်များ အနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှတ်(ခ/၈၁-၈၂)၊ ကံ့ကော်လမ်းမကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ မရမ်းကုန်းမြို့နယ်၌ ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စားအုန်းဆီ တင်သွင်းသည့် လုပ်ငန်းရှင်လည်းဖြစ်သူ ဦးပိုင်ဖြိုးသန့်က “ဝင်လာတဲ့ သင်္ဘောတွေ ဘာတွေက အပြောင်းအလဲ တွေရှိတော့ လတ်တလောမှာတော့ ဗဟိုဘဏ်က ရောင်းပေးတဲ့ ပိုက်ဆံပေါ် မူတည်ပြီးတော့ ရောင်းပေးနေတယ်။ ဒါကြောင့် ဈေးနှုန်းနဲ့ အရေအတွက်ကတော့ တစ်ရက်နဲ့ တစ်ရက် မတူနိုင်ဘူး။ အခုကြေညာထားတဲ့ ဈေးကတော့ နောက် ပိုင်းမှာ အပြောင်းအလဲ ဖြစ်နိုင်သလို ဒီထက်ဈေး အတိုး၊ အလျှော့လဲ ရှိနိုင်တယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်တင်ဘာလ ၂၀ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၅ သန်းကို ရောင်းချပေးခဲ့ပြီး ငွေလဲ လှယ်နှုန်းအား ၁၇၅၀ ကျပ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေး အဆမတန် မြင့်တက်လာနေခြင်းကို ထိန်းချုပ် နိုင်ရန်အတွက် ဖော်ဖော်ဝါရီလမှာ ကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလမှာ ၁၂ သန်း၊ မေလမှာ ၂၄ သန်း ၊ ဇွန်လမှာ ၁၂ သန်း၊ ဇူလိုင်လမှာ ၃၉ သန်း၊ သြဂုတ်လမှာ ၂၈ သန်း၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၅ သန်း၊ စက်တင်ဘာ ၁၅ ရက်တွင် ၈ သန်း ၊စက်တင်ဘာ ၂၀ ရက်တွင် ၁၅ သန်း စသဖြင့် ရောင်းချပေးခဲ့ပါသည်။