၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၂

နှစ်စဉ် အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သည့် ပြည်တွင်းကုမ္ပဏီ ၁၀၀ ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခြင်း (Struck off) ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုတစ်ကြိမ် ပယ်ဖျက်ခြင်းသည် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း Annual Return တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ကို ကုမ္ပဏီမှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ကြောင်း DICA က ကြေညာထားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ နာယကတစ်ဦးလည်းဖြစ် ခရီးသွားလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် ဦးသက်လွင်တိုးက “Annual Return ကတော့ ကျနော်တို့ ထင်တယ်လေ။ ပုံမှန်ဆိုရင်တော့ သူတို့ fiscal year တစ်ခုပြီး သုံးလပေါ့ တင်ရတာပေါ့။ အဲခါမှာ fiscal year က ပြီးခဲ့တဲ့ ကာလတုန်းကတော့ စက်တင်ဘာ Earn (ဝင်ငွေ) ကို fiscal year အပြီးလို့ သတ်မှတ်ထားတယ်။ အခုကျတော့ fiscal year က မတ်လကုန် ပြန်ဖြစ်သွားပြန်ပြီ။ ဖြစ်သွားတယ်ဆိုတော့ အဲဒီ complicate ဖြစ်တဲ့ဟာကလည်း issue တစ်ခုပေါ့”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “နောက်တစ်ခုကတော့ ဒီလိုအချိန်မှာ တော်တော်များများ ကုမ္ပဏီတွေက အထူးသဖြင့် ခရီးသွားနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ ဟိုတယ်တွေက အလုပ်နားနေရတဲ့ အချိန်ဆိုတော့လည်း ဝန်ထမ်းတွေလည်း တချို့ သိပ်မရှိတော့ ဘူးလေ။ အဲခါမှာ မေ့လျော့သွားတာလည်း ဖြစ်နိုင်တယ်။ တချို့လည်း အကြောင်းကြောင်းကြောင့် ပိတ်သွားရတာတွေ ရှိတာ ပေါ့”ဟု ပြောသည်။

\Annual Return တင်ပြရန် ပျက်ကွက်သောကြောင့် ပယ်ဖျက်ခံရသော ကုမ္ပဏီများတွင် ခရီးသွားလုပ်ငန်းလုပ် ကိုင်သည့် အေဂျင်စီကုမ္ပဏီများ၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများ၊ ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ကိုင် သည့် ကုမ္ပဏီများ၊ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီများ စသည့် ကုမ္ပဏီများ ပါဝင်သည်။ အထူးသဖြင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအများစု ပါဝင်ကြောင်း တွေ့ရသည်။

အရေးယူခံရသည့် ကုမ္ပဏီအများစုသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ဝန်းကျင်တွင် DICA ၌ မှတ်ပုံတင် ပြုလုပ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ကုမ္ပဏီများ အားလုံးသည် Myanmar Companies Online (My Co) မှာ နှစ်စဉ် အစီရင်ခံစာ (Annual Return-AR)ကို တည်ထောင်သည့် နေ့မှစ၍ နှစ်လအတွင်းနှင့် နှစ်စဉ် အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျဘဲ) တင်ပြရမည် ဖြစ်သည်။

ယင်းသို့ တင်ပြရန် ပျက်ကွက်သဖြင့် Struck Off ( မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း) ဖြစ်သွားသော ကုမ္ပဏီများသည် မှတ်ပုံတင်စာရင်းမှာ ပြန်လည် ပါဝင်လိုပါက တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်ဟု ကုမ္ပဏီများ ဥပဒေအရ ဖော်ပြ ထားသည်။

DICA က ထုတ်ပြန်ခဲ့သော စာရင်းများအရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်သဖြင့် ကုမ္ပဏီ မှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကုမ္ပဏီ ၃၀၀ ကျော်နှင့် ဩဂုတ်လတွင် ကုမ္ပဏီ ၂၀၀ ရှိပြီး ယခု စက်တင်ဘာလတွင် ၂၀၀ ရှိကြောင်း စာရင်းများအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုနှင့် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ကြောင့် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် စီးပွားရေးလုပ် ငန်းများမှာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။