၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃
နှစ်နိုင်ငံ ကုန်သွယ်မှုချောမွေ့စေရေးအတွက် တရုတ်သို့ ပြောင်းချဉ်ဖတ်တင်ပို့ခြင်းနှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ တင်ပို့နိုင်ရန် ပြောင်းလုပ်ငန်းရှင်များက ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။
အဆိုပါ တရုတ်နိုင်ငံသို့ ပြောင်းချဉ်ဖတ်တင်ပို့ခြင်းမှာ တိရိစ္ဆာန်အစာအတွက် အသုံးပြုရာတွင် နွားမွေးမြူရေးလုပ်ငန်း အတွက်သာ အဓိကထားတင်ပို့ခြင်းဖြစ်ပြီး နွားစာအတွက် တစ်မျိုးတည်းကိုသာ သီးသန့်တင်ပို့ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က “တင်ပို့ဖို့အတွက် ဒီအချက်တွေလိုပါတယ်ဆိုပြီး နိုင်ငံတော် က သတင်းစာထဲမှာ ကြေညာထားတာရှိတယ်။ ဘာတွေလုပ်ရမယ်။ ဘယ်လိုအချက်အလက်တွေလိုက်နာရနိုင်မယ်ဆိုရင် တင်ပို့ခွင့်ရမယ်။ ဟိုဘက်နဲ့ဆောင်ရွက်လို့ရမယ်လို့ ကြေညာတဲ့အခါကျတော့ အခုလောလောဆယ်တော့ ရှမ်းမြောက်က စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ ဒါကြောင့် ဘယ်လိုသွားပါဆိုပြီးတော့ လုပ်ပေးနေတာရှိတယ်။ဌာနဆိုင်ရာမှာ အခက်အခဲရှိရင် ကူညီပေးတယ်” ဟုပြောသည်။
အဆိုပါ ပြောင်းချဉ်ဖတ်တင်ပို့ခွင့် ဆောင်ရွက်ရာတွင် ပြောင်းချဉ်ဖတ်ထုတ်လုပ်ရန် စိုက်ပျိုးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားခြင်းမျိုး(Genetically Modified Organism, GMO)မဟုတ်ကြောင်း၊ ပိုးသတ်ဆေးအသုံးပြုမည်ဆိုလျှင် သတ်မှတ်ထားသည့် ပိုးသတ်ဆေးသာ အသုံးပြုရခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံ ထားသော မျိုးစေ့ဥပဒေအရ ထုတ်ပေးထားသော မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ပြောင်းမျိုးများကိုသာစိုက် ပျိုးရခြင်း၊ ပြောင်းစိုက်ပျိုးထုတ်လုပ်သည့်ဒေသသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သတ်မှတ်ထားသော တိရစ္ဆာန် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမရှိသည့်ဒေသ စသည်တို့ သတ်မှတ်ထားကြောင်း ၎င်းကပြောသည်။
ဆက်လက်၍ ၎င်းက “အချက်တွေကတော့ အများကြီးပေါ့နော်။ လတ်တလောအတွက်ကတော့ မလွယ်သေးဘူး ပြောင်းချဉ် ဖတ်ကို တရုတ်ပြည်ကို တင်ပို့လို့ရပြီဆိုတဲ့ အခြေအနေတစ်ခုကို သတင်းအချက်အလက် စပေးတာပေါ့။ ကျန်တာ ပြင်ဆင်ရ မယ့်ဟာအများကြီးရှိတယ်။ ပြောင်းချဉ်ဖတ်စိုက်မယ့်ဟာက ကြုံသလို စိုက်၊ ဓာတ်မြေဩဇာကျွေး၊ ရိတ်သိမ်းလို့ ရတာ မဟုတ်ဘူး။ ဉပမာဆိုပါတော့ တောင်သူ ဦးဘယ်သူဆီက ဒီပြောင်းမျိုးကို ဝယ်တယ်။ သူက ဘာပြောင်းစိုက်တာလဲ ဘယ် ဓာတ်မြေဩဇာကျွေး၊ အဲ့ဒီကွင်းဆက်တွေ အကုန်တင်ပြရမယ်။ အဲ့ဒီတော့မှ အသိအမှတ်ပြုလက်မှတ်ရမှ တင်ပို့ခွင့်ရမှာ"ဟု ရှင်းပြသည်။
လတ်တလောတွင် လုပ်ငန်းစတင်ရန်အတွက် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်တင်ပို့သည့်ကုမ္ပဏီ၊အဖွဲ့အစည်းများ အတွက် မှတ်ပုံတင်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန်သတ်မှတ်ပေးခြင်း၊ တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအား မှတ်ပုံတင်၍ တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဌာနသို့ ဆက်သွယ် ပေးပို့ခြင်း စသည့်လုပ်ငန်းစဉ်များကို စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးသည့်အဆင့်သာ ရှိသေးကြောင်း သိရသည်။
ပြောင်းချဉ်ဖတ်ထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပေးသော တိရစ္ဆာန် အစာချဉ်ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်း ခွင့်ပြုလက်မှတ်ရရှိသူဖြစ်ရခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နှင့် ပူးပေါင်း စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူလယ်သမားများစာရင်းကို ပြုစု၍ စိုက်ပျိုးရေးဦးစီးဌာနသို့ မှတ်ပုံတင်ရခြင်း အစရှိသည့် အချက် များကို လုပ်ဆောင်ရမည်ဖြစ်သည်။
တင်ပို့ရာတွင်လည်း တန်ချိန်ပမာဏ အများအပြား တင်ပို့နိုင်မည်မဟုတ်သဖြင့် မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧကသောင်းချီ ရှိသည့်အထဲတွင် အနည်းငယ်ကိုသာ အကျိုးသက်ရောက်မှုရှိနိုင်ကာ လုပ်ငန်းခွဲတစ်ခုသာဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်မှတစ်ဆင့် ပြောင်းတင်ပို့မှုကို ရပ်နားထားသော်လည်း အိန္ဒိယနှင့်ဗီယမ်နမ်နိုင်ငံတို့ကို တင်ပို့နေပြီး လက်ရှိဘဏ္ဏာနှစ် ဩဂုတ်လအထိ ပြည်ပသို့ ပြောင်းတင်ပို့မှုတန်ချိန် ၂၂ သိန်း တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
နယ်စပ်မှ ပြောင်းတင်ပို့ရာတွင် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အခွန်လွတ်စနစ်ဖြင့် နှစ်စဉ်ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တင်ပို့ခြင်းနှင့် လာအိုနိုင်ငံသို့ ကျိုင်းလတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရားဝင် တင်ပို့ခြင်းတို့ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာတွင်တော့ မြန်မာဘက်က တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တစ်ဖက်နိုင်ငံဘက်မှ တရားဝင်မဟုတ်ခြင်းကြောင့် နယ်စပ်ဂိတ်တွင် ပိတ်လိုက်၊ ဖွင့်လိုက် အမြဲပြုလုပ်လေ့ရှိသည့်အတွက် ကုန်သည်များအခက်တွေ့ရကြောင်းလည်း သိရသည်။