၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို များစွာကျခံသုံးစွဲနေရပြီး ဒီဇယ်ဆီများအား ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် များစွာသုံးစွဲနေရခြင်းကြောင့် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သုံးစွဲခြင်းနှင့် လျှပ်စစ်ရထားလမ်း များ တိုးချဲ့ခြင်းဖြင့် လောင်စာကုန်ကျမှုကို လျှော့ချရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့ရာ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို များစွာကျခံသုံးစွဲနေ ရပြီး ဒီဇယ်ဆီများကို ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများတွင် များစွာသုံးစွဲနေရပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ရေအားနှင့်ဆိုလာ လျှပ်စစ်မီးလုပ်ငန်းများမှ အဓိကထား ဆောင်ရွက်ခြင်းဖြင့် သဘာဝ ဓာတ်ငွေ့ကို ဓာတ်မြေသြ ဇာ ထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများတွင် ပိုမိုအသုံးချနိုင်ပါကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များမှ တိရစ္ဆာန်အစာများ ပြည်တွင်းတွင် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ သွင်းကုန်များကို လျှော့ချနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ချက်ပြုတ်ရေးတွင် သုံးစွဲနေသည့် ထမင်း၊ မီးသွေး သုံးစွဲမှုကို လျှော့ချရမည်ဖြစ်ပြီး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သုံးစွဲ ခြင်း၊ လျှပ်စစ်ရထားလမ်းများ တိုးချဲ့ခြင်းများဖြင့် လောင်စာကုန်ကျမှုကို လျှော့ချရမည်”ဟု ပြောသည်။

ယခင် အစိုးရလက်ထပ်က မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁) စက်မှုလုပ်ငန်း၊ Green Power Myanmar Co,Ltd နှင့် ဟန်ဂေရီနိုင်ငံမှ Csepel Holding Limited အကြား ဟန်ဂေရီနိုင်ငံ၏ Modulo နည်းပညာကို အသုံးပြု၍ လျှပ်စစ်ခရီးသည်တင် ဘတ်စ်ကားများကို ပဲခူးတိုင်းဒေသကြီး၊ သာဂရစက်မှုဇုန်၎င်၌ ထုတ်လုပ်ရန် သဘောတူ ထားသလို သဘောတူစာချုပ်အရ ၂၀၁၉ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဘတ်စ်ကားများကို ပြည်တွင်းနှင့် ပြည်ပသို့ ရောင်းချသွားမည်ဖြစ်ပြီး သီရိလင်္ကာ၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံ များသို့ တင်ပို့ရောင်းချရန်လည်း စီစဉ်ခဲ့ကြကြောင်း၊ ပြည်တွင်းတွင် အသုံးပြုရန်အတွက် လျှပ်စစ် ဘတ်စ်ကား ၃၀၀ မှ ၅၀၀ စီးအထိ ထုတ်လုပ်သွားမည်ဖြစ်ပြီး အစီး ၇၀၀၀ အထိ ပြည်ပပို့ကုန်အတွက် ထုတ်လုပ်သွားရေး စီမံကိန်းများ ရေးဆွဲခဲ့ ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် (၆)လတာ စီမံကိန်းကာလသည် ပွင့်လင်းရာသီဖြစ်သည့်အတွက် စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍများ အနေဖြင့် စီမံကိန်းရည်မှန်းချက်ပါ တည်ဆောက်ဆဲ လုပ်ငန်းများ ပြီးပြတ်စေရေးနှင့် လုပ်ငန်း စီမံကိန်းသစ်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့်သာမက ချေးငွေများဖြင့်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အလေအလွင့်မရှိဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် ဆိုသည်။

၎င်းက “ယခု (၆)လ စီမံကိန်းကာလတွင် တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေး လုပ်ငန်းများကို မဖြစ်မနေ လိုအပ်မှသာ လျှင် ဆောင်ရွက်ကြပြီး ဘဏ္ဍာငွေ ခြိုးခြံချွေတာရေးကို အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(Public-Private-Partnership)လုပ်ငန်း အစီအစဉ်များကို ထုတ်ပြန်ထား သော စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုး တက်မှုကို အထောက် အကူပြုမည် ဖြစ်ပါတယ်”ဟု ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များကတော့ မြန်မာနိုင်ငံတွင် လျှပ်စစ်မော်တော်ကားများ မောင်းနှင်အသုံးပြုနိုင်ရန်အတွက် လျှပ်စစ် အားသွင်းသည့် ရုံများမရှိခြင်းကြောင့် အခက်အခဲရှိသလို ခရီးဝေး မောင်းနှင်ရန်အတွက် အဆင်မပြေကြောင်း၊ လျှပ်စစ် အားသွင်းသည့်ရုံများ တည်ဆောက်နိုင်ရေးနှင့် လုံလောက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းများကို ဖိတ်ခေါ်သင့်ကြောင်း ဆိုသည်။

ယခင်အစိုးရလက်ထပ်တွင် လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်ရေးနှင့် ရောင်းချနိုင်ရေးများ ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ သလို ထုတ်လုပ်နိုင်ခဲ့ပါကလည်း ခရီးဝေးသွားသည့်အခါ အဆင်ပြေစွာ မောင်းနှင်နိုင်ရန်နှင့်မြို့တွင်း မောင်းနှင်နိုင်ရန် အတွက် ရန်ကုန်မြို့တွင် အားသွင်းရုံအသစ် ၃၈ ခု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၈ ခု၊ နေပြည်တော်၌ ၅ ခု စသဖြင့် ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။

လက်ရှိတွင် ထိုစီမံဆောင်ရွက်မှု အခြေအနေများ မည်သို့ ရှိသည်ကို မသိရသေးပေ။