၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်သို့ ပြေးဆွဲနေသည့် ကားလမ်းမှာ ဆိုးရွား စွာ ပျက်စီးနေပြီး အချို့နေရာများတွင် ဆင်များဖြင့် ဆွဲတင်နေရသည်ဟု သိရသည်။
ပင်လည်ဘူးမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အကြားရှိ မှန်တောင်အတက်တွင် လမ်းဆိုးရွားနေပြီး ဆင်နှင့် သော်လည်းကောင်း၊ ထွန်စက်ဖြင့်သော်လည်းကောင်း ဆွဲတင်နေရသည်ဟု ကားဆရာ ကိုဟိန်းထက်က ပြောသည်။
“ကားလမ်းက တော်တော်လေး ဆိုးတယ်ဗျ။ ဆိုးတယ်ဆိုတာက ဆင်တွေနဲ့ဆွဲရတယ်၊ ထွန်စက်တွေနဲ့ ဆွဲရတယ်။ လမ်းတွေ က တော်တော် ပျက်နေတာကို။ ၄ ရက်အိပ် ၅ ရက်ခရီးနဲ့ သွားရတယ်ဗျ။ မန္တလေးက စထွက်ရက်ကနေ ရောက်တဲ့အထိ ပေါ့။ အရင်ကဆို တစ်ညအိပ်တဲ့ခရီးကို ၄ ရက်အိပ် ၅ ရက်ခရီးနဲ့ သွားလိုက်ရတယ်” ဟု ကိုဟိန်းထက်က ပြောသည်။
ယခင် မိုးတွင်းကာလတွင် ကားလမ်းမှာ ယခုကဲ့သို့ ဆိုးရွားမှု မရှိပဲ သွားလာ၍ အဆင်ပြေသေးကြောင်း၊ ယခုနှစ် ကားလမ်း မှာ အဆိုးဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဟုမ္မလင်းနှင့် အောက်မြန်မာပြည်သို့ ဆက်သွယ်ရေးမှာ လေကြောင်း၊ ရေလမ်း၊ ကုန်လမ်းရှိသော်လည်း လက်ရှိ ကနီဒေသ တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရေလမ်းကြောင်းကို အသုံးပြုရန် ခက်ခဲနေသည်ဟု ဟုမ္မလင်းဒေသခံ တစ်ဦးဖြစ်သူ စိုင်းအိုက်ချဲက ဆိုသည်။
၎င်းက“ခုလို ကားလမ်းပိုင်းတွေ ဆိုးရွားစွာ ပျက်စီးနေတဲ့အတွက် ဟုမ္မလင်းဒေသခံပြည်သူတွေ အနေနဲ့ ဆုံးရှုံးနှစ်နာမှု အများကြီးရှိပါတယ်။ ကုန်စည်စီးဆင်းမှုက အရမ်းခက်ခဲသွားတယ်။ စားသောက်ကုန်တွေက ရောက်ချိန်မရောက်ပဲ လမ်းမှာ ပုတ်သိုး နေ တာတို့ ဖြစ်တယ်။ ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်ပျက်လပ်မှုကို ဖြစ်ပေါ်စေတယ်”ဟု ပြောသည်။
လက်ရှိ လမ်းပျက်စီးမှု အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာများထံ ဖုန်းဆက်သွယ်၍ လည်းကောင်း၊ စာပို့၍ လည်းကောင်း ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိပေ။
ယခုကဲ့သို့ လမ်းပျက်စီးနေခြင်းကြောင်း ဆုံးရှုံးမှု များပြားနေပြီး သက်ဆိုင်ရာများ အနေဖြင့် ပြန်လည် ပြင်စေလိုသည်ဟု ကိုဟိန်းထက်က ဆိုသည်။
ကိုဟိန်းထက်က “လမ်းကတော့ ကောင်းစေချင်တာပေါ့။ အခုက ပြင်လည်း မပြင်ဘူး၊ ဒီအတိုင်းပဲ ပစ်ထားတယ်။ ကျနော် တို့လည်း ကုန်သည်တွေနဲ့ စကားပြောရ။ ကုန်သည်တွေလည်း ဆုံးရှုံးမှုတွေက များတယ်ဗျ။ ဟိုရောက်ရင် ပန်းတွေ၊ အသီး အနှံတွေက ပုတ်ကုန်တာ၊ ရောင်းမဖြစ်တာတို့ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။
လက်ရှိ ဟုမ္မလင်း - မန္တလေး၊ ဟုမ္မလင်း - မုံရွာသို့ ပြေးဆွဲနေသည့် ကားအသင်း ၁၅ သင်းရှိပြီး ကားအစီးရေ ၁၀၀ ကျော် ဖြင့် ပြေးဆွဲနေသည်ဟု ကားအသင်းများထံမှ သိရသည်။