၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၄

လက်ရှိတွင် နှစ်လကျော်ကြာပိတ်ထားသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးအား မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်မည့် အနေအထားမှာရှိကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း နည်းပါးလာသည့်အတွက် ပြည်နယ်ကောင်စီ မှ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန် သဘောတူကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းပြန်ဖွင့်လှစ် နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြထားကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “လက်ရှိ အနေထားပေါ်မှာ မူတည်ပြီးတော့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ သုံးသပ်ချက်ကို တင်ပြခိုင်းတဲ့ အခါမှာလည်း ပြည်နယ်ကျန်းမာ ရေးဦးစီးဌာနရဲ့ တင်ပြချက်ကလည်း နယ်စပ်ကုန်သွယ်ရေး ဖွင့်မယ်ဆိုရင် ဖွင့်နိုင်တဲ့ အနေအထားရှိတယ်လို့ တင်ပြထားပါတယ်။ ဆိုတော့ ပြည်နယ် ကိုဗစ်ကော်မတီရဲ့ သဘောထား ကလည်း ကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့က ဒါကို မူအားဖြင့် ဖွင့်ဖို့သဘောတူတဲ့ အတွက် ကြောင့် ကျနော်တို့ ပြည်ထောင်စုကို တင်ပြထားပါတယ်။ အခု အဲကနေပြီးတော့တခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ရမယ်ဆိုလို့ ၁၄ ရက်နေ့မှာ အပြီးသတ် တင်ပြပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ အခုလက်ရှိ အနေအထားကတော့ နေပြည်တော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက် ရလို့ရှိရင်တော့ ဖွင့်နိုင်အောင် အောက်မှာပြင်ဆင်မှုတွေ အပြည့် အစုံ လုပ်ထားပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားလာသောကြောင့် ရောဂါကူးစက်ခံရမှုများအား ထိန်းချုပ်နိုင်ရေး အတွက် ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ နှစ်ပတ်ခန့် ရပ်နား ထားခဲ့ရာမှ လက်ရှိအချိန်အထိ ပြန်လည် မဖွင့်လှစ်သေးခြင်း ဖြစ်သည်။

အဆိုပါ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း ပြန်လည် မဖွင့်လှစ်နိုင်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို မှီခို လုပ် ကိုင်နေကြရသည့် အလုပ်သမားများမှာလည်း စားဝတ်နေရေး ခက်ခဲလာကြသလို ကုန်သည်များမှာလည်း ကုန်သွယ် လုပ်ငန်းများ ရပ်တန့်ထားခဲ့ရကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ကုန်သည် ကိုအောင်နိုင်က ပြောသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကြက်သွန်နှင့် ငါးများကို အဓိကထား တင်ပို့သည်။

ကုန်သည် ကိုအောင်နိုင်က “ကျနော်တို့ ဒီမှာ ကောလာဟလ ကြားသိရတာ ကျနော်တို့ ၂၈ ရက်နေ့ ဖွင့်မယ့် အနေအထားမှာ ရှိတယ်ဆိုပြီးတော့ ပြောသံကြားပါတယ်။ ကုန်သည်ကတော့ အခက်အခဲ သိပ်မရှိပါဘူး။ စီးပွားမပြီးတာ (စီးပွားမဖြစ်တာ) တစ်ခုပဲရှိတာပေ့ါ။ အလုပ်သမားတွေကတော့ အခက်အခဲဖြစ်တာပေါ့။ ဘာလို့ဆို သူတို့က တစ်နေ့လုပ် တစ်နေ့စားဆိုတော့ အခက်အခဲရှိမှာပေါ့။ ကုန်သည်တွေကတော့ အခက်အခဲရှိမှာ မဟုတ်ဘူး။ လောလောဆယ် စီးပွားရေး ရပ်တန့်နေရတာပေါ့” ဟု ဆိုသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ အလုပ်သမားအများစုသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး ကုန်တင်ကုန်ချ အလုပ်ကိုသာ နေ့စား လုပ်ကိုင်ကြကြောင်း၊ လက်ရှိမှာ အလုပ်သမားဉီးရေ ၁၆၀ ကျော်ရှိကြောင်း သိရသည်။

လက်ရှိတွင် မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်း၌ ပိုးတွေ့ရှိမှု မရှိတော့သည့်အတွက် ကုန်သွယ်ရေးစခန်းကို ပြန်လည် ဖွင့်လှစ်ပေးစေလို ကြောင်း ကုန်သည်များက ဆိုသည်။