၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅

လက်ရှိတွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းနှင့် အမေရိကန်ဒေါ်လာဈေး တက်နေခြင်းတို့ကြောင့် မြန်မာ့ရွှေဈေး သည်လည်း ၁၉ သိန်းကျော်ဖြင့် စံချိန်တင် မြင့်တက်နေသည့်အတွက် မြန်မာ့ရွှေဈေးကွက် အတက်ပိုင်းမှာသာ ဆက်ရှိနေ မည်ဟု မြန်မာ့ရွှေလုပ်ငန်းရှင်များထံက သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ်ငွေ ၂၁၀၀ ကျပ်ထိ ဈေးမြင့်တက်နေခြင်းကြောင့် မြန်မာ့ရွှေဈေးမှာလည်း ယမန့်(စက်တင်ဘာ ၂၄ ရက်)နေ့က ကျပ် ၁,၉၃၀,၀၀၀ (တစ်ဆယ့် ကိုးသိန်း သုံးသောင်းကျပ်) ကျော် ဖြင့် ဈေးပိတ်ခဲ့သည်။ လက်ရှိတွင်လည်း မြန်မာ့ရွှေဈေးမှာ ကျပ် ၁၉ သိန်း(တစ်ဆယ့်ကိုးသိန်းကျပ်)အကျော်တွင်သာ ဆက်ရှိ နေမည်ဟု မြန်မာ့ရွှေ လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က "ကမ္ဘာ့ရွှေဈေးလည်း ကျပါတယ်။ ပြည်တွင်း ဒေါ်လာ ဈေးက တစ်အား တက်သွားလို့ ဖြစ်နေတယ်။ ဒီနေ့လည်း ရွှေဈေးက ကျပ် ၁၉၀၀၀၀၀ (တစ်ဆယ့်ကိုးသိန်း) ကျော်အုံးမှာပဲ။ ဒေါ်လာဈေးက တစ်အားမာနေတယ်။ အခုလောလောဆယ်က နိုင်ငံခြားပို့ကုန်လုပ်ငန်းတွေက အကုန်ရပ်နေတယ်။ ရပ်နေတဲ့ အတွက် ဒါတွေ ပြန်ဖွင့်ပေးဖို့နဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ ပြောရမှာပဲ။ အဓိကတော့ စက်မှုဇုန်တွေမှာ ရှိတဲ့ နိုင်ငံခြား ပို့ကုန်လုပ်ငန်းတွေ ကိုဗစ်နဲ့ ပတ်သက်ပြီး ပိတ်ထားတာ ပြန်ဖွင့်လို့ မရသေးဘူး။ ဒါတွေကို ပြန်ဖွင့် အိတ်စပို့စ်ရငွေ၊ ဒေါ်လာ တွေ ပြန်ဝင်လာရင် ဒေါ်လာဈေးက ချက်ချင်း ပြန်ပြုတ်ကျသွားမှာ” ဟု ပြောသည်။

ပြည်တွင်းတွင် မြန်မာ့ရွှေဈေး မြင့်တက်နေသော်လည်း ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာဈေးမာနေသဖြင့် ကျဆင်းနေပြီး ဈေးကွက်အတွင်း၌ အရောင်းအဝယ် ခပ်အေးအေးသာ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

၁၆ ပဲရည် (အကယ်ဒမီ) အခေါက်ရွှေဈေးမှာ စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် တစ်ကျပ်သား ကျပ် ၁,၉၄၀,၀၀၀ (တစ်ဆယ့် ကိုးသိန်း လေးသောင်း) ဝန်းကျင်ရှိခဲ့ပြီး ၁၅ ပဲရည် တစ်ကျပ်သားဈေးမှာ တစ်ကျပ်သား ကျပ် ၁,၇၇၇,၀၀၀ (တစ်ဆယ့် ခုနှစ်သိန်း ခုနှစ်သောင်း ခုနှစ်ထောင်)ဝန်းကျင်အထိ ရှိခဲ့သည်။

ကမ္ဘာ့ရွှေဈေးမှာ စက်တင်ဘာ ၂၄ ရက် ဈေးကွက်ပိတ်ချိန် တစ်အောင်စလျှင် ၁၇၅၆ ဒေါ်လာတွင် ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း စာရင်းများ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်လုပ်ငန်းများ နှောင့်နှေးသွားသလို ငွေကြေး ထုတ်ယူရ ခက်ခဲခြင်းနှင့် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းခြင်းတို့ကြောင့်လည်း ငွေသား မကိုင်ဆောင်လိုသူများက ရွှေနှင့်ဒေါ်လာ များ ၀ယ်ယူစုဆောင်းလာကြသည့်အတွက် ရွှေဈေးဆက်တိုက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အလားတူ ဈေးကွက်အတွင်းမှာ လည်း ကုန်ကြမ်းရှားပါးနေခြင်းကြောင့် ရွှေဈေးမတည်မငြိမ်ဖြစ်လာနေရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်နှင့် မန္တလေးရွှေဈေးကွက်တွင် ကျပ် ၅၀၀၀၀ (ငါးသောင်း)ခန့် အနည်းငယ် ဈေးကွာဟမှုရှိပြီး ရွှေထွက်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသတို့တွင်မူ တွင်းထွက်ဈေးမှာ ကျပ် ၁၃ သိန်း (တစ်ဆယ့်သုံးသိန်း)ကျော် ဝန်းကျင်သာရှိကြောင်း မြန်မာ့ရွှေ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အခေါက်ရွှေဈေးမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် တစ်ကျပ်သား ကျပ် ၁၃ သိန်း(တစ်ဆယ့်သုံးသိန်း)သာ ရှိခဲ့သော်လည်း လက်ရှိ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်၌ တစ်ကျပ်သား ၁၉ သိန်းပေါက်သည့်အတွက် (၈)လတာကာလအတွင်း ရွှေဈေးမှာ ကျပ် ၆ သိန်း(ခြောက်သိန်း)ကျော်အထိ စံချိန်တင် မြင့်တက်လာခဲ့သည်။

ယနေ့(စက်တင်ဘာ ၂၅ ရက်)တွင် မြန်မာ့ရွှေဈေးမှာ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၉၃၀,၀၀၀ (တစ်ဆယ့် ကိုးသိန်း သုံးသောင်း)ကျော်နှင့် ဈေးကွက်စဖွင့်ခဲ့ပြီး ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၇၅၀ ဒေါ်လာနှင့် ဈေးဖွင့်ခဲ့ သည်။ ထို့နောက် ပြည်တွင်း ဒေါ်လာဈေးမှာ ပုဂ္ဂလိက ဘဏ်များတွင် ၁၉၃၀ ကျပ် ဝန်းကျင်နှင့် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။

လက်ဝတ်ရတနာ အထည်ဈေး ဖြစ်သည့် ၁၅ ပဲရည်ဈေးမှာ ယနေ့(စက်တင်ဘာ ၂၅ ရက်)တွင် တစ်ကျပ်သားလျှင် ကျပ် ၁၈ သိန်း(တစ်ဆယ့်ရှစ်သိန်း)ကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၇၅၅ ကျပ်နှင့် စက်တင်ဘာအတွင်း အမေရိကန်ဒေါ်လာ ၄၈ သန်း ရောင်းချပေးထားသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီး အချိန်မှစ၍ လက်ရှိအထိ အမေရိကန်ဒေါ်လာ ၁၆၉ သန်းကျော် ရောင်းချထားသည်။