၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ  ၂၇

မြန်မာနိုင်ငံ၏ အေးခဲအသားနှင့် ငါးများကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် Action Plan များ ရေးဆွဲနေ ကြောင်း နစက လက်အောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။

ပြည်တွင်း အစာအဟာရ ဖူလုံရေးသာမက အလုပ်အကိုင်ရရှိရေး၊ အိမ်ထောင်စုများ ဝင်ငွေတိုးပွားရေးနှင့် နိုင်ငံ့ပို့ကုန် ဝင်ငွေ တိုးပွားရေးအတွက် Action Plan ကို ရေးဆွဲခြင်းဖြစ်သလို ကြက်၊ ဝက်များကိုလည်း ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက် သွားရန်  ရှိကြောင်း ၎င်းက ဆိုသည်။

ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက “ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကြောင့် အသွား အလာ၊ လမ်းခရီး ကန့်သတ်မှုတွေ၊ ကွန်တိန်နာ အခက်အခဲတွေ ငွေကြေးလည်ပတ်မှု အခက်အခဲတွေနဲ့ မွေးမြူရေး ရေထွက် ကုန်ပစ္စည်း တင်ပို့မှုတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားဖို့နဲ့ တိရိစ္ဆာန် အသား၊ ငါးကဏ္ဍ ပို့ကုန်မြှင့်တင်ဖို့ Action Plan ကို ရေးဆွဲတာ ဖြစ်တယ်”ဟု ပြောသည်။

ပုံ-ရေထွက်ပစ္စည်းသားငါးများရောင်းသည်

အဆိုပါ Action Plan ရေးဆွဲရာတွင် လက်ရှိ ဖြစ်ပေါ်နေမှုနှင့် ရှေ့အလားအလာများကို သုံးသပ်ပြီး National Export Strategy ကိုပါ ဦးစားပေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကာ အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်း ကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ရေထွက်(သားငါး)များကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့နေပြီး အသားကဏ္ဍအနေနှင့် တိရစ္ဆာန် အရှင် ဖြစ်သည့် နွား၊ ကျွဲ၊ ဆိတ် တို့ကို တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တဆင့် တင်ပို့လျက်ရှိသည်။ လတ်တလောမှာတော့ တရုတ်-မြန်မာ ကုန်သွယ်ရေး နယ်စပ်ဂိတ်ပေါက် ပိတ်ထားသည်မှာ ၂ လကျော် ကြာမြင့်နေပြီ ဖြစ် သည်။

ယခုဘဏ္ဍာနှစ် စက်တင်ဘာလ ပထမပတ်အထိ  ရေထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၂၀ ကျော် ရရှိ ထားပြီး တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုကနေလည်း ဒေါ်လာ ၁၈ သန်းကျော် ရရှိထားသည့်အတွက် စုစုပေါင်း ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ သန်းပေါင်း ၇၃၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။