CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇
ပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်တက်ခြင်းကြောင့် ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီဈေးနှုန်း များမှာလည်း အဆမတန်မြင့်တက်လာကြောင်း ပြည်တွင်းစက်သုံးဆီရောင်းချသူများထံမှ သိရသည်။
လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးဟုဆိုကာ စက်သုံးဆီကဏ္ဍအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းခြင်းများရှိနေပြီး ယခုလ ၂၂ ရက်မှ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုနှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် ရောင်းချပေးနေကြောင်း နစက က ထုတ်ပြန်ထားသည်။
ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းမည့် စက်သုံးဆီ အမျိုးအစားများမှာ Ron ၉၂ ကို ရန်ကုန်တွင် ၁၁၂၂၊ မန္တလေးတွင် ၁၁၆၇ ကျပ်၊ နေပြည်တော်တွင် ၁၁၆၂ ကျပ်၊ ရိုးရိုးဒီဇယ် မှာ ရန်ကုန်တွင် ၁၁၁၇ ကျပ်၊ မန္တလေးတွင် ၁၁၅၂ကျပ်၊ နေပြည်တော် တွင် ၁၁၅၇ကျပ် နှင့် Premium ဒီဇယ်မှာ ရန်ကုန်တွင် ၁၁၂၄ ကျပ်၊ မန္တလေးတွင် ၁၁၅၉ ကျပ်၊ နေပြည်တော် တွင် ၁၁၆၄ ကျပ်တို့နှင့် ရောင်းချပေးရန် ဈေးသတ်မှတ်ထားသည်။
အဆိုပါ သတ်မှတ်ဈေးအတိုင်း ရောင်းချပေးမည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ဆိုင်အမည်နှင့် လိပ်စာများကို ထုတ်ပြန်ထားပြီး ကျန်ရှိသော တိုင်းနှင့်ပြည်နယ်များတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထိုသတ်မှတ်ထားသည့် ဈေးနူန်းထက် ဖော်ပြပါဆိုင်များမှ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချနေသည်ကို တွေ့ရှိရပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဖုန်း၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှစတင်ပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၅၀၀ ကျော် ၆၀၀ နီးပါးအထိ စံချိန်တင်မြင့်ခဲ့ပြီး လက်ရှိတွင် ဒေါ်လာဈေးမြင့်တက်နေသဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီများဈေးသက်သက်သာသာနှင့် ဝယ်ယူရေး အတွက်ဟုဆိုကာ သီလဝါဆိပ်ကမ်းပေါက်ဈေးထက် ကျပ် ၁၀၀ ကျော်လျှော့ချ၍ အထက်ပါ ဆီဆိုင်များက ဝယ်ယူရနိုင်ခြင်း ကြောင့် အစိုးရသတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချနိုင်သော်လည်း ဈေးကွက် လိုအပ်ချက် ရှိသလောက် ဝယ်ယူ၍ မရနိုင်သည့် အသေးစားနှင့် အလတ်စားတစ်ချို့ စက်သုံးဆီဆိုင်များကတော့ လက်ရှိတွင် အရောင်းရပ်ထားရခြင်းများလည်း ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁၅ သန်း ကို စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်းသို့ ရောင်းချထားသည်။