၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇
ပြည်ပတွင် ပြောင်းလိုအပ်ချက် မြင့်မားနေခြင်းကြောင့် ဝယ်လိုအားများသည့်အတွက် မြန်မာ့ပြောင်းများ ဈေးကောင်းရရှိနေ ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လတ်တလော ဒေါ်လာဈေးများ မြင့်တက်နေသည့်အပြင် ပြည်ပနိုင်ငံများသို့ ပုံမှန် ပင်လယ်ရေကြောင်းမှ တင်ပို့ခြင်း၊ ပြည်တွင်း အစာစက်ရုံများမှလည်း စုဆောင်းဝယ်ယူမှု ရှိနေခြင်းကြောင့် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။
ဦးသန့်ဇင်ထွန်းက “ဒေါ်လာဈေးတွေက တက်နေတဲ့အခါကျတော့ ပြည်ပပို့ကုန်က ဈေးကောင်းရလာတဲ့ သဘောပါပဲ။ လက်ရှိမှာတော့ ပြောင်းက အလားအလာကောင်းနေတယ်။ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကယားမှာထွက်နေတယ်။ အစို ဓာတ် ကောင်းရင်ကောင်းသလို အစိုဓာတ် နည်းရင်နည်းသလို ဈေးကောင်းတွေကတော့ ရတယ်။ ဝယ်လိုအားနဲ့ ရောင်းလို အားဆိုရင် ဝယ်လိုအားက များနေတဲ့ သဘောမှာရှိတယ်။ အခုလောလောဆယ် ပင်လယ်ရေကြောင်းကနေပြီးတော့ အခြား နိုင်ငံတွေပေါ့နော် အဓိကကတော့ အာဆီယံနိုင်ငံတွေရော၊ တခြားနိုင်ငံတွေရော ပင်လယ်ရေကြောင်းကနေ တင်ပို့ကြမယ့် ကုမ္ပဏီတွေက တော်တော်များများ ဝယ်နေကြတဲ့အတွက်ကြောင့် အောက်မှာ ဆင့်ကဲဆင့်ကဲပေါ့နော် ကုန်သည်ကြီးတွေ ကနေ တောင်သူကုန်သည်တွေအထိကို ထိုက်သင့်တဲ့ဈေး ပြောင်းစိုက်တောင်သူတွေ ရနေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြောင်းများ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် အနည်းဆုံး (၁)တန်အထိ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့်မူ ခန့်မှန်အားဖြင့် သိန်း ၂၅၀ ဝန်းကျင် ရှိကြောင်း၊ အစိုဓာတ်ပေါ်မူတည်၍ ဈေးနှုန်း ကွာဟချက်များရှိကြောင်း သိရသည်။
ပြောင်းသီးနှံများသည် စိုက်ပျိုးပြီး လေးလခန့်အကြာတွင် ခူးစွတ်ချိန်ရောက်ရှိသည်။ ထိုခူးစွတ်ထားသည့် ပြောင်းများအား နေလှန်း အခြောက်ခံခြင်းများနှင့် ခြွေလှည့်ခြင်းများ ပြုလုပ်ရသည့်အတွက် လုပ်ငန်းစဉ်အားဖြင့် ငါးလခန့် ကြာမြင့်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြောင်းများအား ရာသီ ၃ ခုလုံးတွင် စိုက်ပျိုးကြသည်။ ထို့နောက် လာမည့် ဆောင်းရာသီ ပြောင်းသီးနှံ စိုက်ပျိုးမှုတွင် မျိုးနှင့်မြေဆီ(ဓာတ်မြေသြဇာ)ဈေးများမှာ ယခင်နှစ်ထက် ဈေးမြင့်တက်နိုင်သဖြင့် စိုက်ပျိုးမှု လျော့ကျနိုင် ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။
ဦးသန့်ဇင်ထွန်းက“ဒေါ်လာဈေးတွေ မြင့်တဲ့အခါမှာ ပြောင်းကို ပြန်ရောင်းတဲ့အခါမှာလည်း ဈေးတွေ ခုနကပြောခဲ့သလိုပေါ့ တောင်သူတွေ ဈေးရတယ်။ ပြည်တွင်းဈေးပါ ဈေးကောင်းနေတယ်။ အဲဒီလိုပဲ ပြည်ပကနေ သွင်းလာတဲ့အပေါ်မှာလည်း ဒေါ်လာဈေးတွေ မြင့်တဲ့အပေါ်မှာ မြေဆီဈေးက တော်တော်များလာတယ်။ များလာတဲ့အခါ ဒီနှစ် ၁၀ လပိုင်း၊ ၁၁ လပိုင်း ပေါ့။ ၁၂ လပိုင်းလောက်ဆိုရင် စိုက်ကြတော့မယ့် ဆောင်းသီးနှံဆိုလို့ရှိရင် တောင်သူတွေဟာ တော်တော်လေး အခက်အခဲ နဲ့ သွားနေရတယ်။ မဖြစ်မနေ ရှာဖွေပြီး သွားနေရတယ်။ စိုက်ရမယ့် ဧကအကုန်လောက် စိုက်ချင်မှလည်း စိုက်နိုင်လိမ့် မယ်။ ဘာလို့ဆို မြေသြဇာဈေးက အများကြီး အရမ်းတက်သွားတယ်” ဟု ဆိုသည်။
ယခင်က ပြောင်းတစ်ပိဿာလျှင် ကျပ် ၄၀၀ ကျော်(ရန်ကုန်အရောက်ဈေး)သာရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာ ကျပ် ၆၅၀ (ရန်ကုန်အရောက်ဈေး)ကြောင်း၊ တောင်သူဈေးမှာ ကျပ် ၃၀၀ မှ ၄၀၀ ဝန်းကျင်တွင် ရှိကြောင်း သိရသည်။