ဘေဘာတန် (အမေရိကန်)

အမေရိကန်အားကစားဝတ်စုံအမှတ်တံဆိပ် Nike(နိုက်ကီ) နှင့် အမေရိကန်လက်လီအရောင်းကုမ္ပဏီ Costco (ကော့စကို)တို့သည် ၎င်းတို့၏ ကမ္ဘာ့ဖြန့်ချိရေးကွင်းဆက်ပြဿနာများနှင့် ရင်ဆိုင်နေ၍ ထုတ်ကုန်ပြတ်လပ်မှုနှင့် နှောင့်နှေးမှုများ ရှိနေကြောင်း ဘီဘီစီအင်္ဂလိပ်ပိုင်းသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

Nike သည် ၎င်း၏ဖိနပ်များထုတ်လုပ်မှုနှင့်တင်ပို့မှုတို့၌ သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် အာရှဒေသ လုပ်သားရှားပါးမှု ရှိနေခြင်းတို့ကြောင့် လာမည့်နွေဦးရာသီအထိ ထိခိုက်နေဦးမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Costco အမှတ်တံဆိပ်သည်လည်း ရေအိမ်သုံးစက္ကူမျိုးအထိ ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး တို့တွင် အကန့်အသတ်များ ပြုလုပ်ခဲ့ရသည်။

Covid-19 ခြိမ်းခြောက်မှုများကြားမှ ဝယ်ယူသူများအနေဖြင့် ထပ်မံသိုလှောင်နေသည်ဆိုသော်လည်း လူသုံးကုန် အမှတ်တံဆိပ်အသီးသီးတို့မှာ ၎င်းတို့အရောင်းကိုယ်စားလှယ်ဆိုင်များထံသို့ ကုန်ပစ္စည်းများ တင်သွင်း ပို့ဆောင် နိုင်ရန် ရုန်းကန်နေကြရသည်။

စက်တင်ဘာ ၂၃ ရက်က Nike သည် လက်ရှိရင်ဆိုင်နေရသော အတားအဆီးများကြောင့် ယခုနှစ်အတွက် ၎င်း၏ ရောင်းအားများကို ရပ်တန့်ခဲ့ရသည်။

“ကျနော်တို့မှာ တကမ္ဘာလုံး ထုတ်လုပ်မှုနှင့် ထုတ်ကုန်တွေ တနေရာကနေ တနေရာ ရွေ့လျားသယ်ဆောင်နိုင်ဖို့ကို စိန်ခေါ်နေတဲ့ ကမ္ဘာ့အဆင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် အတားအဆီးတွေကို ကျော်လွှားနိုင်စွမ်း မရှိပါဘူး” ဟု Nike ၏ ဘဏ္ဍာရေးအရာရှိချုပ် မက်သရူးဖရန့်က ပြောသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ရှိ Nike စက်ရုံများသည် ပုံမှန်အားဖြင့် ဖိနပ်ထုတ်လုပ်နိုင်စွမ်း၏လေးပုံတစ်ပုံကို ထုတ်လုပ်ပေးနေသော်လည်း ထိုစက်ရုံများမှာ နိုင်ငံအလိုက် lockdown ချမှုဒဏ်ကို ခံခဲ့ရသည်။

ဗီယက်နမ်တစ်နိုင်ငံတည်းတွင် ယခုနှစ်အတွက် ဖိနပ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ရက်သတ္တ ၁၀ ပတ်စာ ထိခိုက်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ၎င်းထုတ်ကုန်များ အာရှဒေသမှ မြောက်အမေရိကအထိ ရောက်ရှိရန် ကြာချိန်မှာ ရက်ပေါင်း ၄၀ မှ ၈၀ အထိဖြစ်သွားသည်။ ထို့ပြင် သင်္ဘောဆိပ်ကမ်းနှင့်ရထားလမ်းများ ပိတ်ခြင်း၊ လုပ်သား ရှားပါးခြင်း တို့ ကြောင့် Nike အမှတ်တံဆိပ်ကုန်စည်များသည် မြောက်အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတို့တွင် တင်ပို့ချိန် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။

ကုန်စည်များ ဈေးကွက်ထဲ ပြတ်လပ်ရခြင်းအကြောင်းတစ်ရပ်မှာ တစုံတရာအထိတ်တလန့်ဖြစ်၍ အသည်းအသန် စုပြုံဝယ်ယူကြခြင်း (panic buying) ကြောင့် စတိုးဆိုင်များသို့ ကုန်စည်တင်ပို့ရန် မော်တော်ယာဉ်များ၊ ယာဉ်မောင်းများ၊ ကုန်သေတ္တာများ အဆောတလျင် ရှာဖွေကြရသည်ဟု Costco ၏ ဘဏ္ဍာရေးအရာရှိ ရစ်ချက် ဂလန်တီ က ဆိုသည်။

ဒါ့အပြင် ရေအိမ်သုံးစက္ကူလိပ်များ၊ရေသန့်ဘူးများနှင့်သန့်ရှင်းရေးသုံးပစ္စည်းများ အများအပြား ဝယ်ယူနေမှု အခြေအနေများကို စက်တင်ဘာ ၂၃ ရက်က ၎င်းက ထုတ်ဖော်ပြောကြားသည်။

Costco လက်လီအရောင်းလုပ်ငန်းသည် လာမည့်နှစ်တွင် အာရှနှင့်မြောက်အမေရိကတို့အကြား ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် ပင်လယ်ကူးသင်္ဘောသုံးစင်းကို စင်းလုံးငှားရမ်းထားကြောင်း ဘီဘီစီသတင်းအရ သိရသည်။