CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇

ယခု ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရိုက်ခတ်မှုနှင့် မြန်မာနိုင်ငံတွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများ ကြောင့် ယာယီနှင့်အပြီး ပိတ်သိမ်းလိုက်ရသည့် အထည်ချုပ်စက်ရုံပေါင်း ၆၀ နီးပါးအထိရှိလာပြီး အလုပ်လက်မဲ့ ဦးရေ ၂ သိန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲမှာတော့ အသင်းဝင် စက်ရုံတွေထဲက ၂၃ ရုံလောက်ပိတ်တယ်။ ကုန်ကြမ်းမရတာရော၊ အော်ဒါအမှာ မရတာကြောင့်ရော၊ အလုပ်သမား အခက်အခဲကြောင့်ရော ပိတ်ရတာတွေရှိတယ်။ ယာယီပိတ်လိုက်တဲ့စက်ရုံက အခု ၂၀၂၁ ခုနှစ်ထဲမှာ ၄၈ ရုံရှိတယ်။ တကယ်ပိတ်သွားတဲ့ စက်ရုံရယ် အားလုံးပေါင်းလိုက်ရင် စက်ရုံ ၆၀ နီးပါး ဖြစ်သွားတယ်”ဟု CNI သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ယာယီပိတ်သိမ်းလိုက်သည့် စက်ရုံအများစုမှာ ကုန်ကြမ်းရရှိမှုအခက်အခဲ၊ သွားရေးလာရေး(ကုန်တင်ပို့မှု) အခက်အခဲများနှင့် ကိုဗစ်-၁၉ ရိုက်ခတ်မှုတို့ကြောင့်ဖြစ်ပြီး လုံးဝပိတ်သွားသည့် အထည်ချုပ်စက်ရုံများမှာ လက်ရှိတွင် ရုံ ၂၀ ကျော်ရှိကာ အားလုံးပေါင်းပါက ရုံပေါင်း ၆၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဒီ စက်ရုံ ၆၀ လောက်မှာ နစ်နာသွားတဲ့အလုပ်သမားက အရင်ကထက် လူဦးရေ ၂ သိန်း ကျော်ကျော်လောက် လျော့သွားတယ်။ အရင်က ကျနော်တို့ အလုပ်သမားပေါင်း ၅ သိန်းကျော်၊ ၅ သိန်းဝန်းကျင် လောက်ရှိတာ။ အခုကတော့ ၃ သိန်းကျော်ကျော်လောက်ပဲ ရှိပါတော့တယ်။ အခုလောလောဆယ် အထည်ချုပ် စက်ရုံလည်ပတ်နေတာက အသင်းမှာဆိုရင် ရုံပေါင်း ၄၈၀ နဲ့ ၅၀၀ နီးပါးလောက်ရှိပါတယ်”ဟု ပြောသည်။

စက်ရုံများ ပိတ်သိမ်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ အထည်ချုပ်စက်ရုံများ၏ လည်ပတ်မှုက တောက် လျှောက် လည်ပတ်စီးဆင်းမှုရှိမှသာလျှင် အဆင်ပြေနိုင်မည့် လုပ်ငန်းအမျိုးအစားဖြစ်သဖြင့် လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံများ ဖွင့်လိုက်၊ပိတ်လိုက်လုပ်ရခြင်း အခြေအနေများကလည်း ပိတ်သိမ်းရခြင်း အကြောင်းတစ်ခုဖြစ်သည်။

ဒါ့အပြင်တင်ပို့ရာတွင်လည်း သင်္ဘောတင်လမ်းကြောင်းများပိတ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးတွင်လည်း ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်ခြင်း စသည့် အခြေအနေများနှင့်လက်ရှိနိုင်ငံရေးအခြေအနေများကြောင့်လည်း အခက်အခဲများ ဖြစ်ပေါ်ကာ ပိတ်သိမ်းရခြင်းများရှိကြောင်း ၎င်းက ရှင်းပြသည်။

ယခုစက်တင်ဘာ ၂၁ ရက်ကလည်း လှိုင်သာယာစက်မှုဇုန်ရှိ Myanmar Unique အထည်ချုပ်စက်ရုံသည် ၂၀၂၀ ပြည့်နှစ်မှစ၍ စက်ရုံတွင်အော်ဒါမရရှိခြင်းကြောင့်လည်းကောင်း၊ကိုဗစ်ရောဂါကြောင့်လည်းကောင်း၊ နိုင်ငံရေး အခြေအနေများကြောင့်လည်းကောင်း စက်ရုံလည်ပတ်ရန် မဖြစ်နိုင်တော့သည့်အတွက် စက်တင်ဘာ ၂၁ ရက်မှ စ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ Myanmar Unique စက်ရုံသည် ကိုဗစ်ကာလများတွင်လည်း အလုပ်သမားလျှော့ချခြင်းများရှိခဲ့ပြီး ယာယီပိတ်သိမ်းလိုက်သည့်အချိန်တွင် ကျန်ရှိသည့် အလုပ်သမားများကို ဥပဒေအတိုင်း နစ်နာကြေးများ ပေးကြောင်း၊ စက်ရုံဖွင့်လှစ်ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ထွက်ခွာခြင်း၊ ဘဏ်စနစ်ယိုယွင်းပြီး ငွေကြေး မလည်ပတ်နိုင်ခြင်း၊ ကိုဗစ်-၁၉ ရိုက်ခတ်မှုများကြောင့် လုပ်ငန်းရှင်များအနေဖြင့် အစောပိုင်းမှာ လုပ်သား လျှော့ချခဲ့ပြီး နောက်ပိုင်းမှာတော့ စက်ရုံများ ပိတ်သိမ်းသည်အထိဖြစ်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းသို့ လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးပေးနိုင်သည့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခဲ့ခြင်းကြောင့် လုပ်သားများအနေဖြင့် စားဝတ်နေရေး ခက်ခဲလာသည့် အခြေအနေများနှင့် ရင်ဆိုင် နေရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ခုရှိပြီး အထည်ချုပ်စက်ရုံလုပ်ကိုင်သူများအနက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်ထားသည့် လုပ်ငန်းရှင်ပေါင်း ၆၀၀ ကျော်ရှိသည်။