၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆


မြန်မာငွေကျပ် ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန် ငွေစက္ကူများကို ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာ အတုသာဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က CNI သတင်းဌာနသို့ ပြောသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က “ဟုတ်ကဲ့ အဲတာမဟုတ်ပါဘူး၊ သူတို့ ထုတ်ချင်တာ ကောလာဟလတွေ လျောက်ထုတ်တာကို ကျနော်တို့က တာဝန်ရှိတဲ့အဖွဲ့အစည်းက ဒါကို မဟုတ်ဘူးဆိုပြီး တစ်ခွန်းပြောလိုက်ရင် ပြီးသွား တာပါပဲ ဟုတ်တယ်မလား။ တကယ်လို့ ကျနော်တို့ ထုတ်တယ်ဆိုတဲ့ဟာတွေက တကယ်ထုတ်ပြီးဆိုရင် သတင်းစာထဲမှာ ထည့်တယ်၊ ၈ နာရီသတင်းမှာ ကြေညာမယ်၊ အဲလိုမဟုတ်ဘူးဆိုရင် အားလုံးက အတုကြီးပဲ။အဲလိုသတ်မှတ်လိုက်ရင် ရပါ တယ်”ဟု ပြောသည်။

ပုံ-စာအတု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေထားသော ၅၀၀၀(ငါးထောင်ကျပ်)၊ ၁၀၀၀၀(တစ်သောင်းကျပ်)တန် ငွေစက္ကူများကို ဤအမိန့်ထုတ်ပြန်သည့် ၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်၊ ကြာသပတေး နေ့၊ မွန်းလွဲ(၁၄၀၀)နာရီအချိန်မှစ၍ တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ကြောင်း နစက အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်အရ ကြေညာသည်ဟု စာတစ်စောင် လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့လျက်ရှိ သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ဥပဒေကဲ့သို့ အာဏာတည်သော အထက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်ဟုလည်း ဆိုထားသည်။


အဆိုပါ စာသည် အတုဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။


နိုင်ငံတော်က တရားဝင် ထုတ်ပြန်သော ကြေညာချက်များသည် ည ၈ နာရီသတင်းနှင့် သတင်းစာများမှာ ထည့်သွင်း ကြေညာပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။