၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် နှစ်လနီးပါးခန့် ရပ်နားထားရသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဒေါ်လာသန်း ၂၀ ကျော် အထိ ဆုံးရှုံးနစ်နာမှုများရှိနေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေသော လုပ်သားများ အခက်အခဲရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှု မြင့်မားနေပြီး ရခိုင်ပြည်နယ်အတွင်းမှာလည်း ကူးစက်မှုများ ရှိလာသည့်အတွက် ဇူလိုင် ၁၅ ရက်မှ စတင်၍ မောင် တော၊ ကညင်ချောင်းစခန်းနှင့် စစ်တွေ ရွှေမင်းဂံနယ်စပ် ကုန်သွယ်ရေးစခန်းများကို နှစ်ပတ်ကြာ ရပ်နားခဲ့သည်။

နယ်စပ် ကုန်သွယ်ရေးသည် လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

ဦးတင်အောင်ဦးက “ကျနော်တို့က တစ်လကို ကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုးလောက် ရှိပါတယ်။ ဒါကြောင့် ဆုံးရှုံးမှုက တစ်လကို ကန်ဒေါ်လာ ၁၀ သန်းလောက် ရှိနေတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည့်အတွက် ကုန်သွယ်ရေးကို မှီခိုနေသည့် လုပ်ငန်းရှင်များ ထိခိုက်လျက်ရှိနေ သလို နယ်စပ်ကုန်တင်၊ကုန်ချ လုပ်ကိုင်နေသည့် လုပ်သား များသည်လည်း စား၀တ်နေရေး ထိခိုက်လျက်ရှိနေကြောင်း၊ မောင်တော နှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် လှေဖြင့်သာ ကုန်သွယ် ရခြင်းကြောင့် လှေပိုင်ရှင်များ၊ လှေလုပ်သားများလည်း အထိုက်အလျှောက် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Photo Credit - Kaung Mratt Naing

ထို့နောက် မောင်တော နှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသည် ကြက်သွန်နီ တင်ပို့မှုကို အဓိကထား ကုန်သွယ်မှုပြုလုပ် သည့် စခန်းဖြစ်၍ နယ်စပ်ပိတ်ထားခြင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်ရှိသည့် ကြက်သွန်နီများ ရခိုင်ပြည်နယ်သို့ တင်ပို့နိုင်မှု မရှိဖြစ်ကာ စိုက်ပျိုးရေးတောင်သူများ ဈေးကောင်းမရဘဲ ဖြစ်နေသည်။

အလားတူ ရခိုင်ပြည်နယ်သို့ ကြက်သွန်နီတင်ပို့မှု နည်းပါးလာခြင်းကြောင့် သယ်ယူပို့ဆောင်ပေးလျက်ရှိသော ကုန်ကား သမားများ အနေနှင့်လည်း ကုန်ပစ္စည်းများ ရှားပါးလာကာ ၀င်ငွေရရှိမှု နည်းပါးလာကြောင်း သိရသည်။

ဦးတင်အောင်ဦးက “ရေချိုငါးတွေလည်း အဓိက တင်ပို့ရတဲ့ နယ်စပ်ဖြစ်တာကြောင့် ဧရာဝတီတိုင်းဘက်က ထွက်တဲ့ ရေချို ငါးတွေလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ခုပဲ များများစားစား သွားလို့ရတယ်လို့ ပြောလို့ရပါတယ်။ အခု ပိတ်ထားလိုက်တဲ့ အတွက် ရေချိုငါးရဲ့ ဈေးကွက်ကလည်း တော်တော်လေးကိုပေါ့လေ၊ ငါးမွေးကန်တွေ ရှင်သန်နိုင်အောင် သူတို့လည်း ရုန်းကန် နေရတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေသည် ထိန်းချုပ်ထားနိုင်သည့် အခြေအနေကို ရောက်ရှိ နေပြီဟု ဆိုနိုင်သောလည်း ယာယီရပ်နားထားသော နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုစလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ ပြည်ထောင်စု အဆင့်သို့ စာတင်ပြထားကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ မှတ်ချက်ကို စောင့်ဆဲဖြစ်၍ တင်ပြထားသည့်စာပါ အကြောင်းအရာ များကို အသေးစိတ်မသိရှိရသေးကြောင်း ဦးတင်အောင်ဦးက ပြောသည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး အစီအမံများကို ရေးဆွဲထားကြောင်း သိရသည်။