ကဘူးလ်၊စက်တင်ဘာ ၁၆

တာလီဘန်တို့ ကဘူးလ်မြို့သိမ်းပြီး တစ်လအကြာ ရေရှည်ငြိမ်းချမ်းသော အစိုးရအဖြစ်သို့ အသွင်ကူးပြောင်းရန် ကြိုးပမ်းရင်း ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း အယ်လ်ဂျာဇီးယားက သတင်းဖော်ပြသည်။

ဆယ်စုနှစ် ၄ ခုကြာ စစ်ပွဲများ ကြုံခဲ့ရ၍ နှစ် ၂၀ အတွင်း ဒေါ်လာဘီလီယံနှင့်ချီ၍ ဖွံ့ဖြိုးရေးအသုံးစရိတ်များ ရခဲ့ဖူးသော်လည်း အာဖဂန်စီးပွားရေးမှာ ယနေ့ချွှတ်ခြုံကျနေဆဲဖြစ် သည်။

မိုးခေါင်ခြင်းနှင့် အငတ်ဘေး ဆိုက်လာ၍ နိုင်ငံတဝန်းမှ မြို့ကြီးများသို့ လူထောင်နှင့်ချီ၍ ပြောင်းရွှေ့လာကြပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ယခုလကုန်တွင် ရိက္ခာပြတ် လပ်သွားမည့်အရေး စိုးရိမ်နေသည်။ လတ်တလောအနေအထားတွင် အာဖဂန်ပြည်သူ ၁၄ သန်းအထိ အစာရေစာငတ်မွတ် ခေါင်းပါးမှု အန္တရာယ်ကျရောက်ရန် ဦးတည်လာခဲ့သည်။

တာလီဘန်အစိုးရသစ်အနေဖြင့် အမျိုးသမီးအခွင့်အရေးကာကွယ်ပေးမည့် ကတိများထားရှိရန်နှင့် အယ်လ်ကိုင်းဒါး ကဲ့သို့ အုပ်စုများကို ငြင်းပယ်ရန် အနောက်အုပ်စုက အာရုံစိုက်နေသော်လည်း အာဖဂန်ပြည်သူအများစုက အဓိက ဦးစားပေးနေသည်မှာ ရိုးရှင်းစွာ ရှင်သန်ရပ်တည်နိုင်ရေးဖြစ်သည်။

Photo - AP

“အာဖဂန်လူမျိုးတိုင်း၊ ကလေးသူငယ်တွေရော အားလုံး ငတ်နေကြပြီဗျ။ သူတို့မှာ ဂျုံမှုန့်တအိတ်တလေ (ဒါမှမဟုတ်)ဟင်းချက်ဆီတောင် မရှိရှာတော့ပါဘူး” ဟု ကဘူးလ်မြို့ခံတစ်ဦးဖြစ်သည့် အဗ္ဗဒူလာက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ လူပေါင်း ၄ သန်းသည် စားနပ်ရိက္ခာအရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ရိန်းပေါလ်ဆန်က ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များနှင့် စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အာဖဂန်နိုင်ငံသား ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ပြည်နယ် ၃၄ ခု အနက် ၂၅ ခု၌ လူပေါင်း ၇ဒသမ၃ သန်းမှာ ဆိုးရွားသည့်အခြေအနေ ဆိုက်ရောက်နေကြောင်း၊ ကပ်ရောဂါဘေးကလည်း ရှိနေသေးကြောင်း ရိန်းပေါလ်ဆန်က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံ၏အရန်ငွေကြေးကို ထိန်းရန်အတွက် ဘဏ်များမှ အပတ်စဉ် အာဖဂန်ငွေ ၂ သောင်း (ဒေါ်လာ ၂၀၀) သာ ထုတ်ခွင့်ပေးထား၍ ဘဏ်များ၏အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေရသော လူအများအပြား ရှိနေဆဲဖြစ်သည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီး အမေရိကန်ဦးဆောင်သော အနောက်အုပ်စု စေ့ဆော်မှု များကြောင့် တာလီဘန်ခေါင်းဆောင်များသည် ယခင်အုပ်ချုပ်ခဲ့ဖူးသလို ကြမ်းတမ်းဖိနှိပ်မှုများ ထပ်မံမပြုမူ လိုတော့ကြောင်း ထပ်တလဲလဲ ကတိပေးနေခဲ့သော်လည်း သူတို့ တကယ်ပြောင်းလဲသွားပြီလားဆိုသည့်မေးခွန်းကို အများယုံကြည်ရန် တာလီဘန်များ ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။