၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာစစ်တပ်က စောင့်ကြည့်ထောက်လှမ်းသည့်နည်းပညာသုံးရန် ဖိအားပေးလာ၍ မြန်မာနိုင်ငံရှိ တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်ရောင်းချလိုက်ရခြင်းဖြစ်ကြောင်း နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ဖွင့်ဟပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြသည်။
နော်ဝေနိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သော တယ်လီနောသည် ကြားဖြတ်ထောက်လှမ်း၍ စောင့်ကြည့် ရသည့် နည်းပညာအသက်သွင်းရန် မြန်မာစစ်တပ်က ဖိအားပေးမှုများ ဆက်တိုက်ခံရပြီးနောက် လုပ်ငန်း ပြန်လည်ရောင်းချရန် မိမိတို့ဆုံးဖြတ်ခဲ့ကြောင်း ကုမ္ပဏီ၏အာရှရေးရာအကြီးအကဲက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လက တယ်လီနောသည် ၎င်း၏ မြန်မာယူနစ်ကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့ပြီး ၎င်း၏ဆက်သွယ်ရေး ဝန်ဆောင်မှုကို သုံးစွဲနေသည့် မြန်မာပြည်တွင်းမှ သုံးစွဲသူများ၏ တောင်းဆိုသံများလည်း ကျယ်လောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့်အင်တာနက်ဝန်ဆောင်မှုပေးသူများသည် နိုင်ငံသားများအနေဖြင့် ဆက်သွယ်ရေး ကွန်ရက်ကို လွတ်လပ်စွာသုံးစွဲနေခြင်းအပေါ် နားစွင့်နိုင်ရန် စစ်တပ်က လျှို့ဝှက်အမိန့် ထုတ်ခဲ့ကြောင်း ပြီးခဲ့သည့် မေလက ရိုက်တာ၏ စုံစမ်းစစ်ဆေးမှုတစ်ခုတွင် တွေ့ရှိခဲ့ရသည်။
“စစ်တပ်အာဏာလွှဲပြောင်းယူပြီးကတည်းက မြန်မာအာဏာပိုင်တွေ ကြားဖြတ်ထောက်လှမ်းဖို့ စက်နဲ့နည်းပညာတွေ အနေနဲ့ တယ်လီနောကို အသုံးချမယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိပြီးသားပါ” ဟု တယ်လီနော အာရှအကြီးအကဲ ဂျော်ဂန်ရော့စ်ထရက်က အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဥပဒေ(သို့မဟုတ်)စည်းမျဉ်းစည်းကမ်းအရ ကြားဖြတ်ထောက်လှမ်းသည့် နည်းပညာ ခွင့်ပြုခြင်းသည် ၂၀၁၈ ခုနှစ် ဥရောပသမဂ္ဂက လူ့အခွင့်အရေးကာကွယ်ရန် လက်နက်တင်ပို့ခြင်းပိတ်ပင်မှုအပေါ် ချိုးဖောက်ရာရောက်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တယ်လီနောမြန်မာကတော့ စက်ကိရိယာတွေကို ကိုယ့်သဘောနဲ့ကိုယ် အဲဒီလိုမျိုးလုပ်တာ မရှိသေးပါဘူး” ဟု ဂျော်ဂန်ရော့စ်ထရက်က ပြောကြားခဲ့သော်လည်း တယ်လီနောလုပ်ငန်းလည်ပတ်မှုအနေဖြင့် မြန်မာပြည်တွင်း ကြားဖြတ်ထောက်လှမ်းသည့်နည်းပညာတပ်ဆင်ထားခြင်း ရှိ/မရှိ သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
မြန်မာစစ်တပ်မှ ပြောခွင့်ရသူတစ်ဦးကို သဘောထားမှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါ။ နော်ဝေစက်မှုဝန်ကြီးဌာနက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး ယူနစ် ရောင်းချခြင်းသည် တယ်လီနောဘုတ်အဖွဲ့နှင့်စီမံခန့်ခွဲမှု၏ ဆုံးဖြတ်ချက်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးရန်အတွက် ဥပဒေစိုးမိုးရေးအေဂျင်စီများအနေဖြင့် တရားဝင် ကြားဖြတ် ဖမ်းယူနားထောင်ခွင့်ကို အစိုးရအတော်များများက ခွင့်ပြုထားလေ့ရှိသည်။ သို့သော် ဒီမိုကရေစီနိုင်ငံများနှင့် အချို့အာဏာရှင်အစိုးရသည်ပင်လျှင် မည်သည့်တရားဝင်မှုလုပ်ငန်းစဉ်မှမပါဘဲ နည်းပညာကို ပုံမှန်အားဖြင့် ယူငင်သုံးစွဲလေ့မရှိကြောင်း ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများက ဆိုကြသည်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက တယ်လီနောပြန်လည်ရောင်းချခြင်းကို ရပ်တန့်ရန် (သို့မဟုတ်) ဆိုင်းငံ့ ထားရန် တောင်းဆိုခဲ့ကြသည်။
သို့သော် “တယ်လီနောအနေဖြင့် EU ပိတ်ဆို့မှုကို လေးစားလိုက်နာခြင်းနှင့် နိုင်ငံမှ ထွက်ခွာရန်မှအပ အခြားရွေးချယ်စရာမရှိဟု ခံစားမိခြင်း” တို့ကြောင့် ထွက်ခွာရသည်ဟု ရော့စ်ထရက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းကြီးများမှ အကြီးတန်းအမှုဆောင်များသည် တိုင်းပြည်မှ ထွက်ခွာရန် အာဏာပိုင်များ၏အထူးခွင့်ပြုချက်ယူရမည်ဟု ရိုက်တာသတင်းဌာနက ဇူလိုင်လတွင် သတင်းဖော်ပြခဲ့သည်။ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းသည် တယ်လီကွန်းလုပ်ငန်းများကို ကြားဖြတ်အပြည့်အဝလုပ်ဆောင်ရန် ညွှန်ကြားမှုပြီးလျှင် ဒုတိယအမိန့်ဖြစ်သည်။ ယင်းသို့ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန်လည်း တယ်လီနောက ငြင်းဆန်ခဲ့သည်။
မြန်မာစစ်တပ်(သို့မဟုတ်)အာဏာပိုင်များနှင့် တိုက်ရိုက်ဆက်ဆံရေးမရှိကြောင်း တွေ့ရှိပြီးနောက် တယ်လီနောသည် M1 ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရော့စ်ထရက်က ဆက် လက်ပြောကြားခဲ့သည်။
ထိုသို့ရောင်းချရေးသဘောတူညီချက်ကို မြန်မာအာဏာပိုင်များထံ စည်းမျဉ်းစည်းကမ်းအရ သုံးသပ်ရန် တင်ပြထားပြီး လုပ်ငန်းစဉ်ဆောင်ရွက်မှု ရက်ပေါင်း ၆၀ ခန့်အချိန်ယူမည်ဟု ၎င်းက မျှော်လင့်ထားသည်။