CNI International Article

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၀

အခုအချိန်မှာ စိတ်ဓါတ်ကျနေတာဆိုရင် စာဖတ်သူတစ်ယောက်တည်းမဟုတ်ပါဘူးနော်။ အမေရိကတိုက်မှာ ထုတ်ဝေတဲ့ Lancet ဒေသတွင်းကျန်းမာရေးသတင်းစာထဲမှာ ဒီနှစ်တွေအတွင်း အမျိုးသားနဲ့အမျိုးသမီး စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုတွေ တစ်နှစ်ကို ထက်ဝက်ကျော်လောက် တိုးလာတယ်လို့ ရေးသားထားပါတယ်။

အမေရိကန်ကင်ဆာအဖွဲ့ရဲ့ ကင်ဆာကာကွယ်ရေးသုတေသနလုပ်ငန်းအနေနဲ့ အမေရိကန်တစ်နိုင်ငံလုံးမှ အရွယ်ရောက်ပြီးသူ ၂,၃၅၉ ဦးဆီက အချက်အလက်တွေကို စစ်တမ်းကောက်ယူပြီး ပြုစုထားတာကို Lancet သတင်းစာက ကိုးကားရေးသားထားတာဖြစ်ပါတယ်။

အဲဒီသုတေသနထဲမှာ သုတေသီတွေက ကွဲပြားတဲ့အချိန်ကာလနှစ်ခုဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေရဲ့အဆင့်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။

လေ့လာချက်အရ သုတေသနမှာပါဝင်သူ ၄၂ ရာခိုင်နှုန်းဟာ ၂၀၂၀ ပြည့်နှစ်အတွင်း Covid-19 ကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှု ခံစားရတာတွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တုန်းကတော့ ၃၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် လေ့လာမှုမှာပါဝင်သူ ၁၀ ရာခိုင်နှုန်းဟာ အလယ်အလတ်ကနေ အပြင်းအထန် စိုးရိမ်စိတ်(သို့မဟုတ်) စိတ်ကျရောဂါဖြစ်လာတာ တွေ့ရပါတယ်။ ကင်ဆာလို အရင်ကတည်းကဖြစ်နေတဲ့ နာတာရှည်လူနာမျိုးဆို Covid-19 ကာလ စိတ်ကျရောဂါ ပိုဖြစ်လာပါတယ်။

စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာ အချိန်တိုအတွင်း မပျောက်ကွယ်သွားဘူးဆိုရင် အဲဒီခံစားချက်တွေဟာ စိုးရိမ် ပူပန်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေဘက်ကို ကြီးထွားရောက်ရှိသွားနိုင်တယ်လို့ စိတ်ဖိစီးမှုဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာဆင်သီယာအက်ရေးက ပြောကြားခဲ့ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ သုတေသနလုပ်ငန်းမှာ မပါဝင်ခဲ့ပေမယ့် ဒေါက်တာဆင်သီယာအက်ရေးက “စိတ်ဖိစီးမှုဟာ ရှိသင့်တာထက် ကျော်လွန်သွားရင် စိုးရိမ်သောကအဖြစ် ကူးပြောင်းသွားပါတယ်။ ဝမ်းနည်းမှုဆိုတဲ့ အခြေအနေ တစ်ရပ်ကို ကျော်လွန်လို့မရဘူးဆိုရင် ဒါက စိတ်ကျရောဂါလို့ သတ်မှတ်လို့ရတယ်” လို့ ရှင်းပြပါတယ်။

ကပ်ရောဂါကာလအတွင်း စိုးရိမ်ပူပန်မှုကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ပိုင်းဆိုင်ရာ ဒုက္ခသုက္ခ ပိုရောက်ရကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

ကျား၊ မ အခန်းကဏ္ဍတွေဟာ အရင်ကထက် ပိုပြီးမျှတနေရင်တောင် အမျိုးသမီးတွေဟာ အိမ်မှုကိစ္စများ စီမံ နေရတာကြောင့် စိုးရိမ်စိတ်နဲ့ စိတ်ကျရောဂါ အဖြစ်လွယ်ပါတယ်လို့ ချီကာဂိုမြို့မှ လက်တွေ့စိတ်ပညာရှင်နဲ့ မိသားစုကုထုံးပါရဂူ ဂျွန်ဒက်ဖီက ပြောပါတယ်။

“အမျိုးသမီးတွေဟာ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေတင်မကဘဲ သူတို့ပတ်ဝန်းကျင်ကိုပါ သူတို့စိတ်ခံစားမှုတွေ ကူးစက်စေတယ်ဗျ” ဟု ဂျွန်ဒက်ဖီက ရှင်းပြသည်။ ကပ်ရောဂါမတိုင်မီ စိတ်ဖိစီးမှုအခြေအနေတွေဟာ ကပ်ရောဂါကာလအတွင်းရောက်တော့ ပိုမိုဆိုးရွားတဲ့အဆင့် ရောက်လာကြပါတော့တယ်။

အမျိုးသားတွေအနေနဲ့ ကပ်ရောဂါမတိုင်မီ စိတ်ပိုင်းဆိုင်ရာမှာ စိတ်ကျနှုန်းက ၁၁ ဆ ရှိပါတယ်။ အဲဒီနှုန်းကို ကပ်ရောဂါမတိုင်မီ အမျိုးသမီး စိတ်ကျနှုန်း ၆ ဆနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

“အလုပ်နဲ့ဘဝ ဟန်ချက်ညီပေမယ့် ငွေကြေးဖိစီးခြင်းကြောင့် အမျိုးသားတွေကြားမှာ ကပ်ရောဂါမဖြစ်ပွားခင် သာမန်အချိန်မှာ အမျိုးသမီးတွေထက် စိတ်ကျရောဂါ ပိုဖြစ်တာ တွေ့ရပါတယ်” လို့ သုတေသီတွေက ရေးသားထားပါတယ်။

ကပ်ရောဂါကျရောက်လာချိန်မှာ ငွေကြေးကြောင့် စိတ်ဖိစီးမှု တစ်ခုထက်တစ်ခုပိုလာခဲ့ပြီး စိတ်ဒုက္ခဖြစ်နိုင်ခြေ နှစ်ဆပိုများလာပါတယ်။
ဒါကြောင့် သုတေသီတွေက ၎င်းတို့တွေ့ရှိချက်တွေကနေ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တွေရဲ့ ပုံမှန်စိတ် ကျန်းမာရေး အကဲဖြတ်မှုလိုအပ်ချက်တွေရှိတယ်လို့ ထောက်ပြကြပါတယ်။

အရှေ့တိုင်းထုံးစံ ဘာသာရေး သတိအမှတ်ကလေးနဲ့ တရားထိုင်တာမျိုး၊ ယောဂကျင့်တာမျိုးဟာ စိတ်ဖိစီးမှုခံစားနေရသူများကို ကူညီနိုင်တယ်လို့ လူငယ်စိတ်ကျန်းမာရေးဆိုင်ရာ AAKOMA စီမံကိန်း အဖွဲ့တည်ထောင်သူ စိတ်ပညာရှင် ဒေါက်တာ အယ်လ်ဖီးဘရီလန်းနိုဗဲလ်က ပြောကြားခဲ့ပါတယ်။

သူ အကြံပြုထားတဲ့နည်းလမ်းတစ်ခုကတော့ သိမြင်နိုင်၊ ကြားနိုင်၊ အနံ့ရနိုင်၊ အရသာခံနိုင်၊ ထိတွေ့နိုင်တဲ့ အာရုံငါးပါးကို သတိနဲ့ ခွဲခြားသုံးစွဲတဲ့နည်းလမ်း ဖြစ်ပါတယ်။

“ဒီအရာတွေကို တစ်ခုစီ အာရုံစူးစိုက်ပြီး သတိကပ်နေတာဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့အချိန်တွေကို ဖယ်ရှားဖို့ လုံလောက်တဲ့ အာရုံစူးစိုက်မှုတွေပဲ ဖြစ်ပါတယ်” လို့ ဒေါက်တာ အယ်လ်ဖီးဘရီလန်းနိုဗဲလ်က အကြံပြုပါတယ်။

လက်တွေ့စိတ်ပညာရှင်နဲ့မိသားစုကုထုံးပါရဂူ ဂျွန်ဒက်ဖီကလည်း “မိမိထိတွေ့ခံစားဖူးတဲ့လှုပ်ရှားမှုတစ်ခုခုမှာ ပြန်လည်ပါဝင်ကြည့်ဖို့နဲ့ မိမိကိုယ်ကို ဂရုတစိုက်စောင့်ကြည့်ဖို့ သီးသန့်အချိန် ဖယ်ထားရေးက အရေးကြီးတယ်” လို့ ပြောကြားပါတယ်။

မိမိကိုယ်ကိုဂရုစိုက်မှု၏ ဥပမာတချို့ကိုပြောရရင် ကိုယ့်အကြောင်းကိုယ်မှတ်တမ်းရေးကြည့်ခြင်း၊ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ လမ်းလျှောက်ခြင်း၊ အကြိုက်ဆုံးရုပ်သံအစီအစဉ်တစ်ခုကို ကြည့်ရှုခြင်းတို့ပါဝင်ပါတယ်။ ဘယ်သူမဆို မိမိစိတ်ကျန်းမာရေးအတွက် ဆက်လက်ကြိုးစားချင်တယ်ဆိုရင် သူတို့လို စိတ်ပညာရှင်တွေဆီမှာ စိတ်ပိုင်းဆိုင်ရာအကြံဉာဏ်တောင်းသင့်တယ်လို့လည်း လမ်းညွှန်ထားပါတယ်။

CNN ဝက်ဘ်ဆိုဒ်သတင်းတွင်ရေးသားထားသည့် Anxiety and depression are increasing as the pandemic goes on. Here's what you can do ဆိုသည့် သတင်းဆောင်းပါးကို CNI မှ သင်လျော်အောင် ဘာသာပြန် ဆိုသည်။