CNI Internatioanl Article

စင်ကာပူ စက်တင်ဘာ ၁၉

စင်ကာပူကျန်းမာရေးဝန်ကြီးဌာန၏ တိုးချဲ့အစီအစဉ်အရ ကိုဗစ်-၁၉ လူနာများအနေဖြင့် စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း နေအိမ်၌ပင် နာလန်ထူ အားမွေးနိုင်မည်ဖြစ်ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။

ထို့အတွက် အဝေးမှနေ၍ ကုသပေးသည့်စနစ် (Telehealth or Telemedicine) ကို ကျင့်သုံးမည်ဖြစ်သည်။ ယနေ့ကမ္ဘာ၌ Telemedicine ဆိုသည်မှာ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီး အင်တာနက်၊ တယ်လီဖုန်းစသည်တို့မှ ဆရာဝန်နှင့်လူနာ တိုက်ရိုက်ဆက်သွယ်ပြီး ဆေးကုသမှုခံယူခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၈ ရာခိုင်နှုန်းကျော်သည် ရောဂါလက္ခဏာမပြခြင်း (သို့မဟုတ်) အတန်ငယ်သာဖြစ်ပွားခြင်းတို့ တွေ့ရှိရကြောင်း ၎င်းကျန်းမာရေးဝန်ကြီးဌာနက ယခင်က ကြေညာခဲ့သည်။

သတ်မှတ်ချက်နှင့်ကိုက်ညီသော ကိုဗစ်-၁၉ လူနာများအတွက် နေအိမ်၌ပင် ပြန်လည်နာလန်ထူနိုင်ရေးအတွက် ပုံမှန်စောင့်ရှောက်စီမံခန့်ခွဲမှုပုံစံအရ တယ်လီကျန်းမာရေးအထောက်အပံ့ပေးခြင်းနှင့် လိုအပ်သောကြိုတင်ကာကွယ်မှုပေးခြင်းတို့ကို စင်ကာပူအစိုးရက စီစဉ်ခဲ့သည်။

“ဒါက ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ်လိုအပ်တဲ့သူတွေအတွက် ဆေးရုံစွမ်းရည်အတိုင်း အကန့်အသတ်နဲ့ ပြုစုပေးဖို့ပါ။ ဒါကြောင့် ကူးစက်မှုပိုများလာရင်တောင် လူနာအားလုံးအတွက် သင့်တော်တဲ့ စောင့်ရှောက်မှုပေးနိုင်မှာပါ” ဟု ၎င်းကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၁၄ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

နေအိမ်၌ ပြန်လည်နာလန်ထူရေးသတ်မှတ်ချက်များ
=========================
လူတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည်နှင့် အောက်ပါအချက်တို့နှင့်ကိုက်ညီပါက နေအိမ်၌ ပြန်လည်နာလန်ထူရေး ချက်ချင်းစတင်နိုင်သည်။
- ကာကွယ်ဆေးအပြည့်အဝထိုးပြီးခြင်း
- အသက် ၁၂ နှစ်မှ အသက် ၅၀ အတွင်းရှိခြင်း
- မည်သည့်လက္ခဏာမှ မပြသခြင်း
- ပြင်းထန်သောရောဂါအခြေအနေမရှိခြင်း (သို့မဟုတ်) ဖျားနာမှုမရှိခြင်း
- အသက် ၈၀ ကျော်သော မိသားစုဝင် (သို့မဟုတ်) ထိခိုက်လွယ်သောအုပ်စုထဲပါသူ နေအိမ်၌ မရှိခြင်း
- ထိခိုက်လွယ်သောအုပ်စုထဲတွင် ကိုယ်ဝန်ဆောင်သူများနှင့် ခုခံအားကျဆင်းသူ (သို့မဟုတ်) ရောဂါမျိုးစုံရှိသူတို့ကို ဆိုလိုသည်။

ပိုးတွေ့လူနာသည် အထက်ပါအချက်များနှင့် ကိုက်ညီပါက ဆေးရုံ (သို့မဟုတ်) ရပ်ရွာကုသရေးဌာနသို့ သွားရောက်နေထိုင်ရန် မလိုအပ်ပေ။
နေအိမ်၌ ပြန်လည်နာလန်ထူရေးစတင်သည့် ပထမနေ့တွင် လူနာများသည် ကုသရေးလမ်းညွှန်ချက်နှင့်အညီ နေထိုင်ကြောင်း အဝေးမှ တယ်လီဆေးဘက်ဆိုင်ရာ အကဲဖြတ်မှု ခံယူရမည်။

ထို့နောက် အဆိုပါလူနာများအတွက် ၁၀ ရက် သီးသန့်နေထိုင်ရန် အမိန့်ထုတ်ပေးမည်ဖြစ်ပြီး နေအိမ်ရှိ သီးခြားသတ်မှတ်ထားသော အခန်းအတွင်း ရှိနေကြောင်း သေချာစေရန် အီလက်ထရောနစ် စောင့်ကြည့်ရေးတစ်ခု တပ်ဆင်ထားပေးမည်။ အခန်းသည် ရေချိုးခန်းပါ ပူးတွဲပါရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များ ဖွင့်ထားသင့်သည်။

အိမ်သူအိမ်သားများနှင့် အပြန်အလှန်ဆက်ဆံရေး
===============
လူနာများအနေဖြင့် ဗိုင်းရပ်စ်ကူးခြင်းမှ တားဆီးရန် နေအိမ်ရှိ အိမ်သူအိမ်သားများနှင့် မျက်နှာချင်းဆိုင် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ဖို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ဧည့်သည်များကိုလည်း နေအိမ်ထဲ မဝင်စေရပါ။
အိမ်သူအိမ်သားအားလုံးကို SMS မှတစ်ဆင့် ကျန်းမာရေးဌာနမှ စောင့်ကြည့်မှု (quarantine) အမိန့်များ ထုတ်ပေးနိုင်သည်။ ထို့ကြောင့် အစားအသောက် (သို့မဟုတ်) ကုန်ခြောက်ကဲ့သို့ မရှိမဖြစ်ပစ္စည်းများ ဝယ်ယူရေးအတွက် လူအချင်းချင်း ထိတွေ့မှုကင်းသော ပို့ဆောင်ရေးအစီအစဉ်တစ်ခု နေအိမ်ဝန်းကျင်တွင် သတ်မှတ်ရမည်ဖြစ်သည်။

ပြန်လည်နာလန်ထူပြီဖြစ်ကြောင်း သိရှိစေသည့်နည်းလမ်းများ
====================
နေအိမ်ထဲ ပြန်လည်နာလန်ထူရေး ၆ ရက်မြောက်သည့်နေ့တွင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (swab) ယူရန် တာဝန်ကျကျန်းမာရေးဝန်ထမ်းထံ ဆက်သွယ်နိုင်သည်။ အကယ်၍ ဗိုင်းရပ်စ်ကူးစက်နှုန်း နည်းနေကြောင်း စိစစ်တွေ့ရှိလျှင် နောက်တစ်နေ့ ၇ ရက်မြောက်လျှင် နေအိမ်အတွင်း၌သာ နေထိုင်စေခြင်းမှ ကင်းလွတ်စေမည်ဖြစ်သည်။

သို့တည်းမဟုတ် လူနာ၏ပြန်လည်နာလန်ထူချိန် ၁၀ ရက်ပဲ သတ်မှတ်ထား၍ လူနာကျန်းမာရေးကောင်းနေသရွေ့ ၁၀ ရက်မြောက်သည့်နေ့တွင် စစ်ဆေးပြီး ထွက်ပေါ်လာသော ရလဒ်အဖြေကောင်းမွန်လျှင် နေအိမ်၌ကန့်သတ်ချက်များ အဆုံးသတ်ပြီဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။