CNI Internatioanl Article
ကဘူးလ်၊စက်တင်ဘာ ၁၆
‘ရှူခရူလာ’ ဆိုသူသည် သူသိမ်းထားတာ ကြာပြီဖြစ်သည့် ကော်ဇောအခင်းလေးကို ကဘူးလ်မြို့ရှိ ချာမန်အီဟိုဇိုရီရပ်ကွက်ထဲ ရောင်းဖို့ယူလာသည်။ ထိုရပ်ကွက်ထဲတွင် ရေခဲသေတ္တာများ၊ ကူရှင်များ၊ ပရိဘောဂများ၊ ခေါင်းအုံးများ၊ စောင်များ၊ ငွေထည် များ၊ ကန့်လန့်ကာများ၊ မွေ့ယာများ၊ မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုးနှင့် အခြားပစ္စည်းအမျိုးမျိုး စုပုံတင်ထားသည့် စင်များဖြင့် ပြည့်နှက်လို့နေသည်။
ထိုပစ္စည်းများ စုပုံထားသည့် နေရာသည် ဆယ်စုနှစ်များစွာ အလေးမထားခြင်းနှင့် မိုးခေါင်ခြင်းတို့ကြောင့် တစ်ချိန်က မြက်ခင်းပြင်ဖြစ်ခဲ့သော်လည်း ယခုတော့ ဖုန်မှုန့်များအဖြစ်သာ ကျန်ရှိတော့သည်။
ရောင်းဖို့ပြထားသော ပစ္စည်းတစ်ခုချင်းစီသည် အာဖဂန်မြို့တော်၌ လွန်ခဲ့သော အနှစ် ၂၀ က တည်ဆောက်ခဲ့သော မိသားစု ကိုယ်စီ၏ ဘဝအစိတ်အပိုင်းများဖြစ်သည်။ ယခုအခါ ထိုပစ္စည်း အတိုအစအားလုံးကို မိသားစု စားသောက်ဖို့ ထုတ်ရောင်း နေရပြီ ဖြစ်သည်။
“ဒီကော်ဇောတွေကို ကျနော်တို့က အာဖဂန်ငွေ ၄၈,၀၀၀ (၅၅၆ ဒေါ်လာ) နဲ့ ဝယ်ခဲ့တာ။ ဒါပေမယ့် အခုချရောင်းတော့ ကော်ဇောအားလုံးပေါင်းမှ အာဖဂန်ငွေ ၅,၀၀၀ (၅၈ ဒေါ်လာ) တောင် မရတော့ဘူးဗျာ” ဟု ရှူခရူလာက ပြောသည်။
မြို့တော်ကို တာလီဘန်တို့ ဩဂုတ် ၁၅ ရက်တွင် ထိန်းချုပ်လိုက်ပြီးကတည်းက အာဖဂန်နစ္စတန်နိုင်ငံ၌ ကြီးစွာသော ငွေကြေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အမေရိကန်ဗဟိုဘဏ်တို့က မကြာသေးမီ ရက်သတ္တပတ်များကပင် နိုင်ငံတကာရန်ပုံငွေများကို အာဖဂန်အတွက် ဖြတ်တောက်ခဲ့သည်။ အာဖဂန်နစ္စတန် တဝန်းရှိ ဘဏ်များပိတ်ခဲ့ရပြီး အလိုအလျောက် ငွေသားထုတ်ပေးသည့် အေတီအမ်(ATM)စက်များထဲသို့ ငွေသား ထပ်ထည့် မဖြည့်ပေးနိုင်ခဲ့ပေ။
ပုံ- ငွေကြေးအခက်အခဲကြောင့် မိမိပိုင် ပစ္စည်းများရောင်းနေစဉ်(Al Jazeera)
ဘဏ်များ ပြန်ဖွင့်သည့်အချိန်၌ အာဖဂန်ငွေ ၂၀,၀၀၀(၂၃၂ ဒေါ်လာ)ကိုသာ အပတ်စဉ် အကန့်အသတ်ဖြင့် ထုတ်ပေးသည်။ ရာနှင့်ချီသော လူစုလူဝေးသည် ဘဏ်များ၏ အပြင်ဘက်တွင် တန်းစီရင်း ငွေထုတ်ယူရန် အခွင့်အလမ်းကို စောင့်ဆိုင်းကြ ရသည်။
ရှူခရူလာတို့လို မိသားစုများအတွက်တော့ လူစည်ကားသော ဘဏ်များအပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းစရာ မလိုပေ။
“အနည်းဆုံး မုန့်ညက်၊ ဆန်နဲ့ဆီ နည်းနည်းလောက် ဝယ်ဖို့ လုံလောက်ရင် ရပြီလေ” ဟု ပြီးခဲ့သည့်နှစ်က တအိမ်လုံး ပြောင်းရွှေ့လာကြသည့် သူ့မိသားစု ၃၃ ယောက်အကြောင်း ရှူခရူလာက ပြောပြသည်။
သမ္မတဟောင်း အက်ရှရက်ဂါနီ နိုင်ငံမှ ထွက်ပြေးပြီး တာလီဘန်များ မထိန်းချုပ်မီကပင် အာဖဂန်နစ္စတန်သည် Covid-19 ကပ်ရောဂါဒဏ် ခံစားနေရသည့်အပြင် စိုက်ပျိုးရေးကို များစွာမှီခိုနေရသည့် တိုင်းပြည်ဖြစ်သည့်အတွက် ကာလအတန်ကြာ မိုးခေါင်မှုဒဏ်ကိုလည်း ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း၌ အာဖဂန်လူဦးရေ ၉၇ ရာခိုင်နှုန်းကျော်သည် ဆင်းရဲမွဲတေမှု ညွှန်းကိန်းအောက်သို့ပင် ဇောက်ထိုးကျ သွားနိုင်ကြောင်း ကုလသမဂ္ဂက သတိ ပေးခဲ့ သည်။
ပုံ- အာဖဂန်ပြည်သူများ ငွေထုတ်ရန် စောင့်နေကြ(Al Jazeera)
စက်တင်ဘာ ၁၃ ရက်က ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရတ်သည် ဒေါ်လာ သန်း ၆၀၀ ရန်ပုံငွေရရှိရန် ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့၌ အာဖဂန်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများ အဆင့်မြင့် အစည်းအဝေးတစ်ခုကို ခေါ်ယူကျင်းပခဲ့ သည်။
အာဖဂန်နစ္စတန်တွင် စီးပွားရေး အကျပ်အတည်းနှင့် လုံးဝပြိုကွဲမည့် အန္တရာယ်အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂ က ပြောသည်။
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားမှ ရရှိလျှင် ပြည်ပ အကူအညီအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်သည်။ ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း အာဖဂန် GDP ၏ ၄၀ ရာခိုင်နှုန်းအထိ ပြည်ပ အကူအညီမှ ရရှိခဲ့ပြီး ယခုအခါ နိုင်ငံအများအပြားက တာလီဘန်အစိုးရကို အသိအမှတ်ပြုရန် ငြင်းပယ်ခြင်းကြောင့် တိုင်းပြည် စီးပွားရေး ကပ်ဆိုးသို့ ဦးတည်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေသည်။
၎င်းအစိုးရအနေဖြင့် တရုတ်နှင့်ရုရှားတို့က အနောက်အုပ်စု အကူအညီများ လစ်ဟာသွားခြင်းကို ဖြည့်ဆည်း ပေးမည်ဟု မျှော်လင့်ကြောင်း တာလီဘန်ပြောခွင့်ရသူ ဇာဘီဟာလာမူဂျာဟစ်က ပြောသည်။ သို့သော် ယခုအချိန်အထိ ဘေဂျင်းနှင့် မော်စကိုတို့က ထိုသို့ လစ်ဟာအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မတွေ့ ရသေးပေ။
လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် ငွေကြေး အခက်အခဲကို ဖြေရှင်းရန်အတွက် ကဘူးလ်မြို့ရှိ ရပ်ကွက် အသီးသီး တွင် အစားအသောက်နှင့် အခြားအခြေခံလူသုံး၊ အိမ်သုံးပစ္စည်းများကို ဝယ်လက်ရှိသမျှ ထုတ်ရောင်းနေကြရသည်။
Source: Aljazeera
အယ်လ်ဂျာဇီးယားသတင်းဌာနတွင် ဖော်ပြထားခဲ့သည့် Afghans sell possessions amid cash crunch, looming crisis ဆိုသည့် သတင်းဆောင်းပါးကို CNI မှ သင့်လျော်အောင် ဘာသာပြန်ဆိုသည်။