CNI International Article

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်များကို ဖမ်းဆီး အကျဉ်းချကာ မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာရယူခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် မဲလိမ်မှုများ ရှိသည်ဆိုသော စွပ်စွဲချက်များကို လျစ်လျူရှုသောကြောင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို စစ်တပ်က ဖယ်ရှားခဲ့သည်။ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို NLD က လွတ်လပ်၍ တရားမျှတမှုဖြင့် အနိုင်ယူခဲ့သည်ဟု နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများက ထိုစဉ်က ဖော်ပြခဲ့ကြသည်။

ဦးကျော်မိုးထွန်းသည် စစ်တပ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်မီ စိတ်ခံ စားမှုပါသော မိန့်ခွန်းတစ်ရပ်ကို ပြောနေစဉ် စစ်တပ်ကို ရှုတ်ချခဲ့သည်။ မြန်မာ့ဒီမိုကရေစီကို ပြန်လည်ထူထောင်ရန် လိုအပ် သော မည်သည့် နည်းလမ်းမဆို သုံးရန် ဦးကျော်မိုးထွန်းက မြန်မာ့တော်လှန်မှုသင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ပြ၍ နိုင်ငံတကာ အသိုင်း အဝိုင်းကို တိုက်တွန်းခဲ့သည်။

ပုံ- ဉီးကျော်မိုးထွန်း ၂၀၂၁ ခုနှစ်၊ဖေဖော်၀ါရီ ၁ ရက်နေ့က ကုလအစည်းအဝေးတစ်ရပ်မှာ လက်သုံးချောင်းထောင် စစ်တပ်ကိုဆန့်ကျင်စဉ်

ထိုမြန်မာသံတမန်သည် ဖေဖော်ဝါရီနှောင်းပိုင်းက သူ့ကို စစ်တပ်ဘက်က ဖယ်ရှားရန် ဆုံးဖြတ်ချက်အပေါ် လျစ်လျူရှု၍ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြု တရားဝင် ကိုယ်စားလှယ်အဖြစ် ဆက်လက် ထမ်းဆောင်ခဲ့သည်။ ဦးအောင်သူရိန်ကို ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုအနေဖြင့် နစက-က ရွေးချယ်၍ အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂရာထူးနေရာအတွက် အသိအမှတ်ပြုမှု မရရှိခဲ့ပေ။

ထို့ကြောင့် လာမည့် ရက်သတ္တပတ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနိုင်ရေးအတွက် နစကဘက်မှ ကြိုးပမ်း လျက်ရှိရာ အမေရိကန်နှင့် တရုတ်တို့က သဘောတူညီချက်တစ်ခုကိုယူ၍ တားဆီးရန် ကြိုးပမ်းနေကြောင်း သံတမန်များ၏ အဆိုကို ကိုးကားလျက် foreingnpolicy.com မှာ ဖော်ပြထားသည်။

ယင်းသို့ တားဆီးခံရမည်ဆိုလျှင် ယခုနှစ်အစောပိုင်း စစ်တပ်က အာဏာရယူပြီးကတည်းက စစ်တပ်အုပ်စုအဖို့ နိုင်ငံတကာ တရားဝင်ရေး (International Legitimacy)အတွက် ထိုးနှက်ချက်ဖြစ်လာနိုင်သည်။ ထိုသဘောတူညီမှု၏ နောက်ကွယ်တွင် လက်ရှိ ကုလသမဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အနေဖြစ် တည်ရှိနေသော ဉီးကျော်မိုးထွန်း အနေဖြင့် “စစ်တပ် အာဏာ သိမ်းမှုကို ရှုတ်ချသည်”ဆိုသော စကားလုံးများကို ရှောင်ကြဉ်ရမည် ဖြစ်သလို နို၀င်ဘာလ ၎င်း၏ သက်တမ်း ကုန်ဆုံးချိန်အ ထိ ကုလအစည်းအဝေးတွင် မိန့်ခွန်းပြောခွင့်နှင့် ဆွေးနွေးခွင့်များကိုတော့ ပေးမည်မဟုတ်ကြောင်း သဘောတူညီမှုများကို အမေရိကန်နှင့်တရုတ်ကြား သဘောတူညီမှု ရယူထားသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာအာဏာပိုင်များ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး မည်သည့်ကြိုးပမ်းမှုမဆို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ က အနည်းဆုံး နိုဝင်ဘာလအထိတော့ ရွှေ့ဆိုင်းထားနိုင်သည်။

အဆိုပါ အခြေအနေကို ဥရောပသမဂ္ဂ(EU)ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)နှင့် ရုရှားတို့က လည်း အလွတ်သဘောအရ ထောက်ခံနေသည်။

ပုံ-အမေရိကန်နဲ့တရုတ်အလံ (CGTN)

စက်တင်ဘာ ၁၄ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသည် ကုလသမဂ္ဂကိုယ်စားလှယ် ၉ ဦးပါ ကော်မတီကို ခန့်အပ် ကြောင်း ကြေညာရန် အစီအစဉ်ရှိပြီး ယင်းကော်မတီက ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။

ယင်းကော်မတီတွင် ဘူတန်၊ ဘဟားမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီယာရာလီယွန်၊ တောင်အာဖရိကနှင့်အမေရိကန်တို့မှ ကိုယ်စားလှယ်များ ဦးဆောင် ပါဝင်ကြမည်ဖြစ်သည်။

အထွေထွေညီလာခံ စည်းမျဉ်းများအရ အကယ်၍ သင့်လျော်သည့် အရည်အချင်း အငြင်းပွားမှု တစ်ခုရှိလျှင် လက်ရှိ မြန်မာ ကိုယ်စားလှယ်သည် လက်ရှိနေရာ(ထိုင်ခုံ)တွင် ကော်မတီ၏ စိစစ်အကဲဖြတ်မှုဖြင့် ဆုံးဖြတ်ချက်အပေါ် အထွေထွေညီလာခံက အတည်ပြုသည်အထိ ဆက်ထိုင်၍ရသည်။  

နိုဝင်ဘာတွင် ပထမဆုံးကျင်းပမည့် အစည်းအဝေးမတိုင်မီ စစ်တပ်အုပ်ချုပ်ရေးအပေါ် စာနာပေးရန် တောင်းဆိုသည့် နိုင်ငံ တစ်နိုင်ငံအနေဖြင့် အသိအမှတ်ပြု ကော်မတီသို့ ဤကိစ္စ ဖြေရှင်းရန် တောင်းခံလာမည်ကိုလည်း အမေရိကန်နှင့် ၎င်း၏ ဥရောပ မဟာမိတ်နိုင်ငံများက စိုးရိမ်နေပြန်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်မှန်သမျှကို အတတ်နိုင်ဆုံး နှောင့်နှေးစေဖို့ ၎င်းတို့မျှော်လင့်ထားကြသည်။ သို့သော်  လက်ရှိ မြန်မာသံအမတ် ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂထိုင်ခုံတွင် ဆက်ထိုင်ထားနိုင်သည့် အခွင့်အရေးကို ဆုတ်ကိုင်ထားနိုင်နေဆဲဖြစ်သည်။ ထို့ကြောင့် သံတမန်ရေးရာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေ ခဲ့သည်။

ဆွေးနွေးပွဲများတွင် တက်ရောက်နေသည့် နိုင်ငံတစ်နိုင်ငံမှ သံတမန်တစ်ဦးက “ကျနော်တို့က လက်ရှိအခြေအနေကို တတ်နိုင်သလောက် ထိန်းထားဖို့ စိတ်ဝင်စားကြတယ်” ဟု ပြောသည်။

တယ်လီဖုန်း အင်တာဗျူးတစ်ခုတွင် ဦးကျော်မိုးထွန်းက “မြန်မာနိုင်ငံ၏ ကုလသမဂ္ဂထိုင်ခုံကိစ္စ မည်သို့ ရှေ့ဆက်မည်ကို ဆုံးဖြတ်ပေးဖို့ နိုင်ငံတကာက ညှိနှိုင်းနေဆဲပါ” ဟု အတည်ပြုခဲ့သည်။

ပုံ- ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၄ ရက်က ၇၅ ကြိမ်မြောက် ကုလအထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် ကုလအထွေထွေညီလာခံဖွင့်ပွဲကို ဉီးကျော်မိုးထွန်းတက်ရောက်စဉ်

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရသည့် စာရင်းထဲတွင် ပါဝင်လျှင်တောင်မှ အာဖဂန်နစ္စတန်၊ ဂီနီနှင့် မြောက်ကိုရီးယားတို့ကဲ့သို့ တက်ရောက်ပြောနိုင်သည့် အခြေအနေ အလွန့်အလွန် နည်းပါးကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ဦးကျော်မိုးထွန်းက “အထောက်အထား စိစစ်ရေး ကော်မတီအတွင်း ဆွေးနွေးမှုတွေကနေ ရလာဒ်တစ်ခုခု ထွက်ပေါ်လာဖို့ ကျနော်တို့ စောင့်နေရ တုန်းပဲ”ဟု ဆက်ပြောသည်။

အဆင့်မြင့် ဆွေးနွေးမှုများအတွင်း မြန်မာနိုင်ငံကို နေရာလွတ် ချန်ထားမှာလား၊ မချန်ဘူးလားဆိုသည့် အခြေအနေကို အတည် မပြုနိုင်သေးကြောင်း ဦးကျော်မိုးထွန်းက တယ်လီဖုန်း အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

မြန်မာစစ်တပ်အုပ်စုက ကမ္ဘာ့ရေးရာများ ဆောင်ရွက်နိုင်ရေးအတွက် ကုလမှာ မြန်မာကိုယ်စားပြု သံတမန်တစ်ဉီး ခန့်အပ်ရန် တောင်းဆိုချက်ကို ကုလသမဂ္ဂ အသိအမှတ်ပြုကော်မတီမှ စဉ်းစားသည့် အစည်းအဝေးကျင်းပသည့်အခါ မြန်မာသံတမန်ရေး ရာ ကိုယ်စားပြုမှု အလားအလာဆွေးနွေးမှုသည် အနည်းဆုံး နိုဝင်ဘာလအထိ ဆိုင်းငံ့ထားလိမ့်ဦးမည်ဖြစ်သည်။

“ကျနော်တို့ ကြားနေတာက ပိုခိုင်မာလာပုံရပါတယ်။ အသိအမှတ်ပြုကော်မတီက နောက်ဆုတ်လိမ့်မယ်။ အခုတော့ သူတို့က အခိုင်အမာ ကောက်ချက် မချနိုင်သေးဘူးလို့ ပြောလိမ့်မယ်။ အဲဒါက (ဦးကျော်မိုးထွန်း) ဆက်နေဖို့ တွန်းအားပေးလိမ့်မယ်” ဟု နိုင်ငံတကာအကျပ်အတည်းအုပ်စုမှ ကုလသမဂ္ဂကိုယ်စားလှယ် ရစ်ချက်ဂိုဝမ်က ပြောသည်။

ပုံ- ကုလအထွေထွေအတွင်းရေးမှူးချုပ်နဲ့ တရုတ်သမ္မတကိုတွေ့ရစဉ်

သို့သော် ဖြုတ်ချခံထားရသော မြန်မာခေါင်းဆောင်များနှင့် စစ်တပ်က အာဏာရယူလိုက်မှုအပေါ် ဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုလည်း ဦးကျော်မိုးထွန်းအနေဖြင့် ကိုယ်စားပြုနိုင်လိမ့်မည် မဟုတ်ကြောင်း ဆိုသည်။

ယခုသီတင်းပတ် အစောပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ပူးပေါင်း၍ စစ်တပ်အုပ်ချုပ်ရေးကို စိန်ခေါ်ရန် “ပြည်သူ့တော်လှန်ရေးစစ်ပွဲ” ကို ထောက်ခံရန် တိုက်တွန်းခဲ့သည်။ မကြာသေးမီ ရက်များအတွင်း စစ်တပ်နှင့် ၎င်းကို ဆန့်ကျင်သည့် ပြည်သူ့စစ်များအကြား အကြမ်းဖက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

သံတမန် တိုက်ပွဲများကြားမှ ကုလသမဂ္ဂသည် မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး မပြေလည်သေးပေ။ တစ်ဖက်မှာ လည်း တရုတ်နှင့်ရုရှားသည် နေပြည်တော်တွင် စစ်တပ်နှင့် အဆက်အသွယ်ရှိနေဆဲဖြစ်သည်။ ကုလသမဂ္ဂ အဝန်းအဝိုင်းမှ စစ်တပ်အုပ်စုကို ဖယ်ထုတ်ရန် ကြိုးစားခြင်းသည် နောက်ထပ် နိုင်ငံတကာတရားဝင်မှု (International Legitimacy) ကို ငြင်းဆန်ရန် အရေးပါသည့် အဆင့်တစ်ခုဟု ဝါရှင်တန်ရှိ အချို့က ရှုမြင်သည်။

“ကုလသမဂ္ဂထဲမှာ တပ်မတော်(စစ်တပ်)ကိုယ်စားလှယ်တွေ မရှိတဲ့အချက်က အသုံးဝင်ပါလိမ့်မယ်။ အဲဒါက သူတို့ကို အလိုလို ယုံကြည်စိတ်ချစေတယ်လို့ ကျနော်ထင်တယ်” ဟု အမည်မဖော်လိုသူ ကွန်ဂရက်ကော်မတီ လက်ထောက်တစ်ဦးက ပြော သည်။

Source: foreignpolicy.com

Foreign Policy ကရေးသားသည့် “ US and China Reach Deal to Bolck Myanmar’s Junta From UN”ဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးကို CNI က အနီးစပ်ဆုံး ဘာသာပြန်၍ ပြန်လည် ဖော်ပြလိုက်ပါသည်။