CNI International Article

ဘေဂျင်း၊ စက်တင်ဘာ ၂၆

ယခုရက်သတ္တပတ် အစောပိုင်းတွင် တရုတ်အစိုးရက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကိုဗစ်-၁၉ တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ဆေးဝါးများ ထောက်ပံ့ပေးနေသည့် အခြေအနေ အသေးစိတ်ကို အေအက်ဖ်ပီ သတင်း ဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သော စစ်တပ်ကို ကိုဗစ်ကာကွယ်ဆေး ၁၃ သန်း နီးပါး ဘေဂျင်းက လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ လွှဲပြောင်းပေးသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ပရမ်းပတာဖြစ်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော လက်နက်ကိုင်အုပ်စုများကိုလည်း ဘေဂျင်းက တိတ်တဆိတ် ပံ့ပိုးပေးနေခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့သည် တရုတ်ထံမှ ရောဂါစောင့်ကြည့်ရေးဌာန (Quarantine Centre) လေ့ကျင့်ရေးနှင့်ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် ကာကွယ်ဆေးများနှင့် အခြားဆက်စပ် အကူအညီများ လက်ခံရရှိခဲ့ ကြောင်း အေအက်ဖ်ပီ သတင်းဌာနက အတည်ပြုသည်။

ပုံ- SSPP က ကိုဗစ်-၁၉ ကာကွယ်ဆောင်ရွက်နေစဉ်။(SSPP-fb)

တရုတ်-မြန်မာကုန်သွယ်ရေး အဓိကဝင်ပေါက်ဖြစ်သော မူဆယ်နယ်စပ်တွင် ကုတင် ၁၀၀၀ ဆန့် Quarantine Centre တစ်ခု တည်ဆောက်နေပြီး ကုန်သည်များ စီးပွားရေးပြန်စနိုင်အောင် ရည်ရွယ်သည်။ ယင်းအတွက် ဆောက်လုပ်ရေးလုပ်သားများမှာ မြန်မာနိုင်ငံမှဖြစ်သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများမှာ ယူနန်ပြည်နယ်မှ ဖြစ်သည်။

အလားတူ တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်သည့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) သည်လည်း တရုတ်ထံ မှ ကိုဗစ်-၁၉ တိုက်ဖျက်ရေး
အကူအညီများ လက်ခံရရှိခဲ့သည်။

ဒီဇင်ဘာလက ယူနန်ပြည်နယ်တောင်ပိုင်း ပူအာရ် (Pu’er) ရှိ ကြက်ခြေနီအဖွဲ့က UWSA ကို ပန်ဆန်းဌာနချုပ်၌ ဒေါ်လာ ၄၀၀,၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဓါတ်ခွဲခန်း ထောက်ပံ့ခဲ့သည်။ UWSA သည် တရုတ်များ ယခင်ကပေးခဲ့သော လျင်မြန်စွာ စမ်းသပ်နိုင်သည့် ကိရိယာများကိုလည်း သုံးနိုင်ခဲ့သည်။

အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ထိုအကျပ်အတည်းများသည် မြန်မာနိုင်ငံရှိ အကျပ်အတည်းများအနေဖြင့် လူထုကျန်းမာရေးအန္တရာယ် ရင်ဆိုင်နေရချိန်တွင် တရုတ်သည် ‘ကိုဗစ်-၁၉ ဗျူဟာ’ ကို ဦးတည်နေကြောင်း မြင်တွေ့နိုင်ပါ သည်။ ဖေဖော်ဝါရီ စစ်တပ် အာဏာရယူလိုက်ခြင်းအပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ခဲ့သလို ထောင်နှင့်ချီသော ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများသည် စစ်တပ်ကို ဆန့်ကျင်သောအားဖြင့် ၎င်းတို့လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြသည်။

ပုံ- UWSA ထိန်းချုပ်နယ်မြေ ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ရေး အာခေါင်တို့ဖတ်စစ်နေစဉ်။(WSTV)

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ အကျပ်အတည်းကို ရင်ဆိုင်နေရသည့်အချိန်မှာပဲ ယူနန်ပြည်နယ်တွင် ကာကွယ်တားဆီးရေး လုပ်ငန်းများကို အလျင်အမြန် လုပ်ဆောင်မှုများ ပေါ်ပေါက်လာသည်။ မူဆယ်နယ်စပ်မှဖြတ်၍ ရွှေလီအတွင်းသို့ ဝင်လာ သူများကို အစုလိုက်အပြုံလိုက် ဆေးစစ်ရန် တရုတ်အာဏာပိုင်များက ဖိအားပေးခဲ့သည်။

တရုတ်ထောက်ပံ့ငွေများဖြင့် နယ်စပ်ဒေသတွင် လျှပ်စစ်ဓါတ်အား မည်သို့ပေးနိုင်ပုံကို လက်တွေ့ပြသသည်။ မြန်မာနိုင်ငံ နယ်နိမိတ် အစိတ်အပိုင်းအများစုသည် မြန်မာအစိုးရ ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမှ ကျော်လွန်လာခဲ့သော်လည်း အရေးကြုံလျှင် တရုတ်သည် သူ့ကိုယ်သူ ကာကွယ်ရန်သာ ရှိနေမည်ဟု ကိုဗစ်-၁၉ အရေးတွင် မျက်ဝါးထင်ထင် တွေ့နိုင် သည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများကို တရုတ်က “ကြားခံဇုန်” တစ်ခုအဖြစ် ဖန်တီးခြင်းဟု ဟောင်ကောင် တက္ကသိုလ်မှ Enze Han က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ် တရားမဝင် ကုန်သွယ်ရေးအပြင် တရားမဝင် ကူးသန်းမှုအမျိုးမျိုးအတွက် ဝင်ပေါက်၊ ထွက်ပေါက်အဖြစ် နာမည်ဆိုးဖြင့် တိုင်းရင်းသားနယ်မြေများမှာ ကျော်ကြားခဲ့ရသည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်သည် စိတ်ကြွရူးသွပ်ဆေးများ ထုတ်လုပ်ရာအဖြစ် ဓါတုပစ္စည်းများ ပြန့်ကျဲနေခဲ့သည်။

တရုတ်အစိုးရသည် နယ်စပ်မျဉ်းတလျှောက် သံဆူးကြိုးများကို ရှည်လျားစွာကာရံခဲ့သည်။ ကိုဗစ်-၁၉ ကာလတွင် ပိုးတွေ့ လူနာများ ပြန့်ပွားမှုကို တရုတ်က ကာကွယ်သည့်အပြင် နယ်နိမိတ်ဖြတ်ကျော် ဝင်ရောက်လာမည်ကိုလည်း ယင်းသွပ်ဆူး ကြိုးဖြင့် အသင့် တားဆီးထားနိုင်သည်။

မြန်မာနိုင်ငံတွင် မည်သူအုပ်ချုပ်သည်ဖြစ်စေ၊ မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ တရုတ်၏နယ်စပ်တလျှောက် ရည်မှန်းချက် သည် ဆက်လက် တည်ရှိနေဦးမည်ဖြစ်ပေသတည်း။

ဤဆောင်းပါးသည် The Diplomat က “China Aiding Myanmar Armed Groups in Their COVID-19 Fight” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးဖြစ်ရာ CNI က ဆီလျော်အောင် ဘာသာပြန်၍ ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ် ပါသည်။