CNI International Article

နိုင်ရိုဘီ၊အောက်တိုဘာ ၃

ဗစ်တိုးရီးယားအန်တိုင်နိုသည် နိုင်ရိုဘီမြို့ပေါ်ရှိ တစ်ခုသော ဘတ်စ်ကားမှတ်တိုင်၌ ကားစောင့်နေရင်း သူ့ခန္ဓာကိုယ်ပေါ်ကနေ သွေးများလျှံထွက်လာသည်ကို ခံစားမိသောအခါ တကိုယ်တည်းကြိတ်၍ ကိုယ်ဝန်ဖျက်ချမိခြင်းကြောင့်ဟု နားလည်မိလိုက် သည်။ ထောင်နှင့်ချီသော ကင်ညာအမျိုးသမီးများသည် ဗစ်တိုးရီးယားအန်တိုင်နိုလို နည်းလမ်းသုံးမိကြသဖြင့် ကိုယ့်ကိုယ်ကို သေစေနိုင်သည့် အကျိုးဆက်များကို ရင်ဝယ်ပိုက်မိတော့၏။

၂၀၁၀ ပြည့်နှစ်က ကင်ညာဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဖြေလျှော့ပေးခဲ့သော်လည်း လုပ်ထုံးလုပ်နည်း စနစ်မကျခြင်း အမည်းစက်သည် အမျိုးသမီးများစွာအတွက် ရိုးရာဓလေ့ထုံးတမ်းစဉ်လာဖိစီးမှုများ (သို့မဟုတ်) နောက်ဖေး လမ်းကြားထဲမှ ဆေးခန်းပြေးရခြင်းများဖြင့် သူတို့ဘဝကို
ထိခိုက်စေသည်။

အန်တိုင်နိုကဲ့သို့ မျိုးဆက်ပွား ကျန်းမာရေးအကြံပေး တစ်ဦးသည်ပင်လျှင် သူ့စိတ်ထဲ ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်လျှမ်း ကာ ကိုယ်ဝန်ပျက်ရန် အားပေးသည့် ဆေးပင်ဝါးပင်များကို ကြိတ်ချေသုံးစွဲမိသည် မဟုတ်ပါလား။

နာရီအနည်းငယ် ကြာသွားပြီးနောက် အန်တိုင်နိုသည် လူအများ၏အကြည့်ကို ရှောင်လွှဲရန် ကြိုးစားရင်း အကြီးအကျယ် စိတ် ဒဏ်ရာ ရလာသည်။ သူ ရှောင်ဖို့ကြိုးစားခဲ့သော အိပ်မက်ဆိုးနှင့် တည့်တည့်တိုးမိသဖြင့် ပြန်လည်နိုးထရေး ရုန်းကန်နေရပြီ ဖြစ်သည်။

“ဒါမျိုးဖြစ်ပြီဆို လူတွေက ရှင့်ကို ရှုတ်ချကြလိမ့်မယ်။ လူ့အသိုင်းအဝိုင်း အပြင်ဘက် အပို့ခံရပြီး ရာဇဝတ်မှုနဲ့ လိုက်ဖမ်းကြ တော့မှာ” ဟု အသက် ၃၅ နှစ်အရွယ်ရှိ ကလေး ၃ ယောက်မိခင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

အမျိုးသမီး အမြောက်အမြားသည် ထိုသို့ အိပ်မက်ဆိုး၊ ကံကြမ္မာဆိုးကို ရှောင်ရှားနိုင်ရန် ကိုယ်ဝန်ဖျက်ချရန်အတွက် အရောင် ချွတ်ဆေး သောက်ခြင်းမှအစ အပ်ချည်များ (သို့မဟုတ်) အဝတ်ချိတ်တန်းများ သုံးခြင်းတို့အထိ ဘာမဆို လုပ်ကြလိမ့် မည်ဖြစ် သည်။

ပုံ- ၂၀၁၄ ခုနှစ်က အမျိုးသမီးအခွင့်အရေးအတွက် ကင်ညာနိုင်ငံက အမျိုးသမီးများ ဆန္ဒပြတောင်းဆိုနေကြစဉ်(ရိုက်တာ)

ရလဒ်အနေဖြင့် သားအိမ်ပေါက်ပြဲခြင်း၊ သားအိမ်ခေါင်း အရည်ထွက်ခြင်းနှင့် မိန်းမကိုယ်လမ်းကြောင်းမှ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်လွန်ခြင်းတို့ဖြစ်ပွားနိုင်သည်။ထိုနောက်မှာတော့ သေဆုံးသည်အထိ ဖြစ်ပွားလေ့ရှိသည်။

၂၀၁၂ ခုနှစ်က ကင်ညာကျန်းမာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်ချက်အရ အပတ်စဉ် အမျိုးသမီး ၂၃ ဦးခန့်သည် ကိုယ်ဝန် ဖျက်ချခြင်းကြောင့် သေဆုံးနေရကြောင်း ဆိုသည်။

အမှန်တကယ် သေဆုံးသူအရေအတွက်မှာ အထက်ပါ ကိန်းဂဏန်းထက်ပင်များပြားကြောင်း စည်းရုံးပညာပေးသူများက ပြောကြသည်။

စိတ်မချရသော ကိုယ်ဝန်ဖျက်ချသည့်နည်းလမ်းများ သုံးခြင်းကြောင့် နေ့စဉ် အမျိုးသမီးနှင့် မိန်းကလေး ၇ ဦး သေဆုံးနေရ ကြောင်း မျိုးပွားမှုဆိုင်ရာအခွင့်အရေး (CRR) အမည်ရှိ အကျိုးအမြတ် မယူသော အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်သော အစီရင်ခံထဲ တွင် ဖော်ပြထားသည်။

နိုင်ရိုဘီမြို့၏ အရှေ့ဘက် ဆင်ခြေဖုံးရှိ ဒန်ဒိုရာ ဆင်းရဲသားရပ်ကွက်၌ အမျိုးသမီး ဖွံ့ဖြိုးရေး ပူးပေါင်းအဖွဲ့နှင့်အတူ အန်တိုင်နို အလုပ်လုပ်ခဲ့စဉ်က ထိုရပ်ကွက်ရှိ အမှိုက်ပုံသို့ လာရောက်စွန့်ပစ်ထားသော သန္ဓေသားများကို သန့်ရှင်းရေးလုပ်သားများ တစ်ခါတစ်ရံ တွေ့ရတတ်ကြောင်း ကြားသိခဲ့ရသည်။

၂၀၁၉ ခုနှစ်တွင် နိုင်ရိုဘီမြစ်မှ အမှိုက်များ ဆယ်ယူရှင်းလင်းရေးကို စေတနာ့ဝန်ထမ်းများ ဆောင်ရွက်ခဲ့ရာ အမှိုက် ပိတ်ဆို့ နေသော ရေများထဲမှ အလောင်း ၁၄ လောင်း တွေ့ခဲ့ရပြီး အလောင်းအများစုမှာ လသားအရွယ် ကလေးများ ဖြစ်နေသည်။

ခရစ်ယာန်ဘာသာရေး ကိုင်းရှိုင်းသော နိုင်ငံတွင် ယဉ်ကျေးမှုနှင့်ဘာသာရေး ယုံကြည်မှုများသည် ဖျက်မရသော အမည်းစက် ပြဿနာများကို ဖန်တီးရန် တွန်းအားပေးနေသည်။ လုံခြုံစိတ်ချရသော ကိုယ်ဝန်ဖျက်ချနည်းကို သုံးမိသည့် အမျိုးသမီးများ သည်ပင်လျှင် သူတို့ကိုယ်သူတို့ အပြစ်ကြီးတစ်ခု ကျူးလွန်သည်ဟု မှတ်ယူကြသည်။

ကလေး (၄)ယောက်အမေ ဆူဇန်သည် အုပ်စုလိုက် မုဒိမ်းကျင့်ခံရ၍ ကိုယ်ဝန်ဖျက်ချပြီး နောက်တစ်နှစ်ကြာသည်အထိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ထိုအပြစ်ကို ဆေးကြောရန်အတွက် အထူးဝတ်ပြု ဆုတောင်းနေရဆဲရှိသည်။

“လူတွေက ကိုယ့်အပေါ် လူသတ်သမားလို့ မြင်ကြတယ်။ ဒါဟာ အင်မတန်ဆိုးဝါးတဲ့ ကိစ္စတစ်ခု လုပ်မိသလို ခံစားရတယ်” ဟု အသက် ၃၆ နှစ်အရွယ်ရှိ ဆူဇန်က အေအက်ဖ်ပီသို့ ရင်ဖွင့်သည်။

ပုံ-ကင်ညာနိုင်ငံက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်။

ကင်ညာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “လေ့ကျင့်ထားသော ကျန်းမာရေးပညာရှင်တစ်ဦး၏ စမ်းသပ်ချက်အရ အရေး ပေါ် ကုသရန် လိုအပ်ခြင်း (သို့မဟုတ်) မိခင်၏ အသက်ဖြစ်စေ၊ ကျန်းမာရေးဖြစ်စေ အန္တရာယ်ဖြစ်စေနိုင်ခြင်း (သို့မဟုတ်) အခြား ရေးသားထားသော ဥပဒေအရ ခွင့်ပြုသည့်တိုင် ကိုယ်ဝန်ဖျက်ခြင်းသည် တရားမဝင်ကြောင်း” ပြဋ္ဌာန်းထားသည်။

ဤပြဋ္ဌာန်းချက်တွင် အခြားအခြေအနေ တစ်ရပ်ရပ် (သို့မဟုတ်) အခြား သတ်မှတ်ချက်ဆိုသည့် အရေးအသားမျိုး ထည့်သွင်း ရေးခြင်း မတွေ့ရပေ။

မရေမရာ ရေးသားထားသော ပြဋ္ဌာန်းချက်သည် ကျန်းမာရေး အထောက်အကူပြုသူများ လက်ထဲသို့ အတိအလင်း ဆုံးဖြတ် ချက်ချနိုင်သော အခွင့်အာဏာကို ဝကွက်အပ်လိုက်သည့် သဘောဖြစ်သွားသည်။

ကိုယ်ဝန် ဖျက်ချထားသော လူနာသည် ကင်ညာနိုင်ငံရှိ ဆေးရုံများသို့ တက်ရောက်ကုသခွင့်ရရန် အလွန်ခက်ခဲသည်။ ထိုသို့ လူနာများအတွက် အချို့သော ကျန်းမာရေး အထောက် အကူပြုသူများက အခကြေးငွေ ကင်ညာသျှီလင် ၃၀၀၀ မှ ၄၀၀၀ ဝန်းကျင် (၂၇ ဒေါ်လာ) ယူကြသည်။ ဆေးများကို ကာလတို ကိုယ်ဝန်ဖျက်ရန် သုံးသည်။

ဤအခြေအနေများကြောင့် ကျန်းမာရေးအထောက်အကူပြုသူများထံ ရောက်လာသော အမျိုးသမီးများခမျာ စိတ်ထဲမနှစ်မြို့ ခြင်းနှင့် ရှက်ကြောက်ခြင်းတို့ ဖြစ်နေတတ်ကြသည်။ ဆရာဝန်များနှင့် တွေ့ရန် စောင့်ဆိုင်းရသည့် အခန်းများမှာပင် တိတ် ဆိတ် နေလေ့ရှိသည်။

မျိုးဆက်ကျန်းမာရေး အထူးကုဆရာဝန် ဆမ်မွန်အိုတီယာဂိုက “ကင်ညာမှာ ကိုယ်ဝန်ဖျက်ချဖို့ဆိုတာ လွယ်တာတော့ မဟုတ် ဘူး” ဟု ပြောသည်။

အမျိုးသမီး အရေအတွက် ဆယ်ဂဏန်းနှင့်ချီပြီး နိုင်ရိုဘီမြို့ရှိ ဆမ်မွန်အိုတီယာဂို၏ ဆေးခန်းသို့ လစဉ် ရောက်လာတတ် ကြ သည်။ အများစုသည် ၎င်းတို့ကိုယ်ဝန်ကို ရှင်းထုတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ထုတ်ပြောရန် စေ့ဆော်မှု ကိုယ်စီ ရှိနေကြ သည်။

တချို့အမျိုးသမီးများက စကားတစ်ခွန်းမှ ထုတ်မပြောမီ ရှိုက်ကြီးတငင် ငိုကြွေးကြကြောင်း ဆမ်မွန်တီယာဂိုက အေအက်ဖ်ပီ သို့ ပြောသည်။

၄၀၀၀ သျှီလင် (၃၆ ဒေါ်လာ)မျှသော ငွေကြေး မတတ်နိုင်ကြသူ အများအပြားကိုလည်း တွေ့ရသည်။ ထို့ကြောင့် ဆမ်မွန် တီယာဂိုက အခမဲ့ (သို့မဟုတ်) အကြွေးစနစ်ဖြင့် ဝန် ဆောင်မှုပေးသည်။

၃၈ နှစ်အရွယ်အရှိ အိမ်ကူအမျိုးသမီး တစ်ဦးသည် သူရရှိထားသော လုပ်အားခ ၅၀၀၀ သျှီလင်ကိုသုံးပြီးတော့ ကိုယ်ဝန် ဖျက်ချရန်အတွက် ဆုံးဖြတ်ထားကြောင်း အေအက်ဖ်ပီသို့ ရင်ဖွင့်သည်။

“ဆေးရုံက ကျမကို လက်မခံရင် တိုင်းရင်းရိုးရာအပင်တွေ၊ အရွက်တွေနဲ့ပဲ လုပ်ချရတော့မှာပဲ” ဟု ၎င်းက အသံတိုးတိုးဖြင့် အေအက်ဖ်ပီ သတင်းထောက်ကို ဆက်လက် ရင်ဖွင့်သည်။ “ဒီကလေး မရဖို့ ကျမကတော့ ဘာမဆို လုပ်ရတော့မှာပဲ” ဟု ဆိုသည်။