CNI Article News

ရေးသားသူ - Nikola Mikovic 

၂၀၂၁ ၊ အောက်တိုဘာ ၁၀

တာလီဘန်အစိုးရသစ်ကို နှိမ်နင်းရန်အတွက် ကြီးထွားလာနေသော နိုင်ငံရပ်ခြား အင်အားတစ်ရပ်အဖြစ် တာဂျစ်ကစ္စတန် နိုင်ငံသည် အချက်အချာ ချသည့်နေရာ တစ်ခုဖြစ်လို့ လာခဲ့သည်။

တာဂျစ်မြို့တော် ဒူရှန်ဘီ၌ အာဖဂန်အစိုးရကို အစားထိုးရွေးချယ်ရေး တွန်းအားပေးသည့် သတင်းများက အိမ်နီးချင်းများ အကြား ရန်လိုမှုကိုသာ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။

တာလီဘန်တို့ ကဘူးလ်ကို ဝင်သိမ်းနေကတည်းက ၎င်းစစ်သွေးကြွအဖွဲ့နှင့် တာဂျစ်ကစ္စတန်တို့သည် ကုန်သွယ်ရေး ခြိမ်းခြောက်မှု ရှိလာမည့် အရေးအတွက် အချိန်မဆိုင်းခဲ့ကြပေ။ ယခုတော့ တာဂျစ်သည် အာဖဂန်ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်နေသည်ဟု တာလီဘန်များက စွပ်စွဲလာကြပြီဖြစ်သည်။

စွပ်စွဲချင်စရာကောင်းအောင်လည်း တာဂျစ်ကစ္စတန်သည် ၎င်း၏ အထူးတပ်ဖွဲ့များကို အာဖဂန်-တာဂျစ်နယ်စပ်တွင် အရွှေ့ အပြောင်း ပြုနေသည်။ တာဂျစ်ကစ္စတန်၏ ရှေ့တန်းတွင် အင်အား (၂)သိန်း တပ်ဖြန့်ထားပြီး တစ်နိုင်ငံလုံး စစ်ရေး လေ့ကျင့်မှု ထဲတွင် အစိုးရဝန်ထမ်း ၂၃၀,၀၀၀ ကျော် ပါဝင်စေသည်။

တူညီခြင်းတစ်ခုကတော့ တာဂျစ်ကစ္စတန်ရော အာဖဂန်နစ္စတန်ပါ တစ်ချိန်က ရုရှားထီးရိပ်အောက်တွင် ခိုလှုံခဲ့ဖူးကြခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် စစ်အင်အား အပြည့်အဝဖြင့် ထိပ်တိုက် ရင်ဆိုင်ရေးမှာ လတ်တလော မဖြစ်နိုင်သေးသော်လည်း တင်းမာမှုများက တာဂျစ်နှင့်အာဖဂန်တို့အကြား ဖျန်ဖြေရေးကဏ္ဍအဖြစ် ရုရှားက ကြားဝင်ရန် အသင့်ဖြစ်နေ သည်။

ရုရှား၏ ရည်ရွယ်ချက်က ရှင်းသည်။ မော်စကိုအနေဖြင့် ဒေသတွင်း ဩဇာဖြန့်ကျက်ရေးနှင့် ပိုမိုလွှမ်းမိုးနိုင်ရေးကိုပဲ ရည်ရွယ် ထားသည်။ တစ်ချိန်တည်းမှာပင် တာဂျစ်ကစ္စတန်ပြည်တွင်း ရုရှားထောင်ပေးခဲ့သော ဆူးများက အာဏာ သက်တမ်း ကြာလှ ပြီဖြစ်သည့် အီမိုမာလီရာမွန်၏ ရာထူးကို ကိုင်လှုပ်နေခဲ့သည်။

ဖိနှိပ်မှုများစွာဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော တာလီဘန်အစိုးရကို အသိအမှတ်ပြုဖို့ ဆန္ဒမရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည့် အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံ အနည်းငယ်ထဲတွင် တာဂျစ်ကစ္စတန်လည်း အပါအဝင် ဖြစ် သည်။ ဖိနှိပ်ရက်စက်သည့် လုပ်ရပ်များအတွက် တာလီဘန်တို့ကို တာဂျစ်သမ္မတရာမွန်က အကြိမ်ကြိမ် ဝေဖန်နေခဲ့ပြီး အာဖဂန်ပြည်တွင်း တာဂျစ်လူမျိုးစုများ၏ အခွင့်အရေးကိုလည်း ပိုမိုတောင်းဆိုလာခဲ့သည်။

ထို့ပြင် အာဖဂန်ပြည်နယ် တစ်ခုဖြစ်သော ပန်ဂျရှားပြည်နယ်ရှိ တာလီဘန် ဆန့်ကျင်ရေးအတွက် တစ်ခုတည်းသော အင်အား စုဖြစ်သော အာဖဂန်အမျိုးသားတော်လှန်ရေးတပ်ဦးကို ထောက်ခံကြောင်းလည်း ဖုံးဖိမထားခဲ့ပေ။ ကီလိုမီတာ ၁၃၀ အလျား ရှည်ပြီး လူဦးရေများလှသည့် ပန်ဂျရှားပြည်နယ်တွင် တော်လှန်ရေး ခေါင်းဆောင်များ ခိုအောင်းနေခဲ့ရာ အချို့ ခေါင်းဆောင် များမှာ တာဂျစ်နွယ်ဖွားများ ဖြစ်ကြသည်။

တာလီဘန်တို့သည် ၎င်းတို့ကို ဆန့်ကျင်သည့် တပ်ဖွဲ့များရှိနေသော တောင်ကြားဒေသကို ဝင်ရောက် ချေမှုန်းပြီးနောက် တော်လှန်ရေးခေါင်းဆောင် အာမက်မာဆွတ်နှင့် ယခင်အာဖဂန်ဒုသမ္မတဟောင်း အမ်ရာလာစလစ်ရှ်တို့သည် နောက်ဆုံး ခြေကုပ်ယူစရာအဖြစ် တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီမြို့တော်သို့ ထွက်ပြေးခိုလှုံသွားကြသည်။

သို့သော် တာဂျစ်သမ္မတ ရာမွန်အတွက် ရှုပ်ထွေးစေသည့် ကိစ္စရပ်များတွင် တာဂျစ်နွယ်ဖွားအားလုံး တာဂျစ်ကစ္စတန်ဘက်ကို ထောက်ခံကြရန် မျှော်လင့်နေခြင်းတော့ မဟုတ်။

ပုံ- တာဂျစ်ကစ္စတန်စစ်သားများကိုတွေ့ရစဉ်။(AFP)

အာဖဂန်ရောက် တာဂျစ်လူမျိုးအချို့သည် တာလီဘန်များနှင့် တဖက်သတ်နေရာတွင် ရပ်တည်နေကြသည်။ တာဂျစ်လူမျိုး အချို့ ပါဝင်ပတ်သက်နေသော တာလီဘန်လက် အောက်ခံ ဂိုဏ်းအချို့သည် တာဂျစ်ကစ္စတန်ဘက်ကို ကျူးကျော်ရန် အသင့် ဖြစ်နေကြောင်း တာဂျစ်အစိုးရ အရာရှိများက အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် တာလီဘန်တို့ကတော့ အာဖဂန်၏ မည်သည့် အိမ်နီးချင်းကိုမှ တိုက်ခိုက်ရန် မိမိတို့ ခွင့်ပြုမည်မဟုတ်ကြောင်း ပြောထားသည်။

မည်သို့ပင်ဆိုစေ တာဂျစ်ကစ္စတန်သည် ကဘူးလ် အာဏာပိုင်သစ်များကို အယုံအကြည် မရှိခြင်းသည် အံ့ဩစရာတော့ မဟုတ်။ ထို့အတွက် တာဂျစ်သည် ၎င်း၏မဟာမိတ် ရုရှားအကူအညီဖြင့် ကီလိုမီတာ ၁၄၀၀ ကျော် ရှည်လျားသည့် တာဂျစ်-အာဖဂန် နယ်စပ်တလျှောက်မှာ မကြာသေးမီအချိန်က စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

တာဂျစ်ကစ္စတန်သည် အာဖဂန်၏ အိမ်နီးချင်းများထဲတွင် နယ်နိမိတ် အကျဉ်းမြောင်းဆုံးဖြစ်ပြီး အာရှအလယ်ပိုင်းဒေသ၌ အဆင်းရဲဆုံးလည်း ဖြစ်သည်။

ထို့ကြောင့် တာလီဘန်တို့အတွက် အတော်လေးလွယ်ကူသည့် ပစ်မှတ်ထားစရာ ဖြစ်နေသည်။ သို့သော် ရုရှားနှင့်တာလီဘန်တို့ ဆက်ဆံရေး ထိခိုက်စရာရှိ၍
ယခင်ဆိုဗီယက်အုပ်စုဝင်ဟောင်း တာဂျစ်ကို အာဖဂန်အနေဖြင့် ဝင်တိုက်ရန် လက်တွေ့၌ မဖြစ်နိုင်ပေ။

ရုရှားသည် တာလီဘန် ခေါင်းဆောင်ပိုင်းနှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီး အနောက်အုပ်စုနိုင်ငံများက ကဘူးလ်ရှိ ၎င်းတို့ သံရုံးများ အသီးသီး ပိတ်သွားကြသော်လည်း ရုရှားသံရုံးကမူ ဖွင့်လှစ်ထားဆဲပင်။

သို့သော် ကရင်မလင်သည် တာလီဘန်အစိုးရသစ်က ပြောင်းလဲဖွဲ့စည်းလိုက်သော ‘အာဖဂန်စော်ဘွားများပြည်ထောင်စု’ ဆိုသည်ကို အသိအမှတ်ပြုရန် နေနေသာသာ တာလီဘန်ဟူသောအမည်ကို အကြမ်းဖက်အုပ်စုစာရင်းထဲမှ ဖယ်ရှားရန် အပြင်းအထန် ငြင်းဆန်နေဆဲရှိသည်။

တချိန်တည်းမှာပင် ရုရှားသည် တာဂျစ်ကစ္စတန်နိုင်ငံမှ လှုပ်ရှားတက်ကြွလာစေရန် စေ့ဆော်ပေးနေပြီး တာဂျစ်ပြည်တွင်းရှိ ရုရှားစစ်အခြေစိုက် စခန်းထဲသို့ တပ်ဖွဲ့အင်အားနှင့် လက်နက်များ ပို့ပေးနေသည်။

တာလီဘန်တို့၏ ယာယီဝန်ကြီးချုပ် ဂါနီဘာရာဒါက “မိမိတို့ပြည်တွင်းရေးကို တာဂျစ်ကစ္စတန် ဝင်ရောက်စွက်ဖက်နေသည်” ဟု စွပ်စွဲခဲ့သည်။ “လုပ်ရပ်တိုင်းမှာ တုံ့ပြန်မှုတစ်ခုစီ ရှိတယ်” ဟုလည်း ဂါနီဘာရာဒါက ထောက်ပြဝေဖန်ထားသည်။

အမှန်စင်စစ်အားဖြင့် အာဖဂန်ပြည်တွင်းရှိ တာဂျစ်လူမျိုးများ၏ အကျိုးစီးပွားကိုလည်း အကာအကွယ်ပေးရန်အတွက် “အားလုံး ပါဝင်နိုင်သော အစိုးရတစ်ရပ် (an inclusive government) ဖွဲ့စည်းရေး”ကို တာဂျစ်ကစ္စတန်က အခိုင်အမာ တိုက် တွန်းခဲ့သည်။ အလားတူ တိုက်တွန်းချက်မျိုးကိုလည်း အာဖဂန်၏ နောက်ထပ် အိမ်နီးချင်းဖြစ်သော ပါကစ္စတန်ကလည်း မကြာသေးမီက ဆိုခဲ့ပြီးဖြစ်သည်။

ထိုသို့ အားလုံးပါဝင်နိုင်သော အစိုးရတစ်ရပ် မပေါ်ပေါက်မီအထိ တာလီဘန်များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သာ တာဂျစ်တို့က ဆက်လက်မှတ်ယူမည်ဖြစ်ပြီး ဒူရှန်ဘီနှင့်ကဘူးလ်တို့အကြား တင်းမာမှုများ ဆက်ရှိ နေဦးမည်ဖြစ်ပါကြောင်း။

Asia Times မှ Nikola Mikovic ရေးသားထားသည့် “Russia’s ally Tajikistan emerges as Taliban’s new nemesis” ဆို သော ဆောင်းပါးကို CNI သတင်းဌာနက ဘာသာပြန် တင်ဆက်ပေးလိုက်ပါသည်။