CNI Article

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၁

အောက်တိုဘာ ၁ ရက်က ထုတ်လွှင့်ခဲ့သော တူရကီမီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းက ၎င်းအစိုးရအနေဖြင့် ပါကစ္စတန်-တာလီဘန်အဖွဲ့ (Tehreek-e-Taliban Pakistan or TTP) နှင့် ဆွေးနွေးနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကာလတစ်ခုနှင့် တစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် TTP သည် ယခုနှစ်အတွင်း သိသိသာသာ ပိုမိုတက်ကြွလာခဲ့သည်။ ထိုအဖွဲ့ကို နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ အကျဉ်းကျနေသူများ ပြန်လွှတ်ပေးခြင်းနှင့် လက်နက်ချ စေခြင်းတို့ဖြင့် အစ္စလာမ္မာဘတ်၏ ဆုတော်လာဘ်တော်များစွာ ပေးနေမိကြောင်း အီမရန်ခမ်းက အဆိုပါ အင်တာဗျူး တွင် ဝန်ခံခဲ့သည်။ TTP သည် ပါကစ္စတန်မြေပေါ်တွင် အခြေချလှုပ်ရှားနေသော တာလီဘန် အနွယ်ဝင်များပင်ဖြစ်သည်။ သူတို့ကို ‘ပါကစ္စတန်-တာလီဘန်’ဟုသာ ခေါ်ဆိုကြသည်။

ယင်းကဲ့သို့ အပေးအယူလုပ်ခြင်းသည် ပါကစ္စတန်၏အမျိုးသားအကျိုးစီးပွားကို အထောက်အကူ မဖြစ်စေသည့် အပြင် TTP တို့ကလည်း အစိုးရဘက်မှ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်မဟုတ်သောကြောင့် အလုပ် ဖြစ်မည် မဟုတ်ပေ။

စစ်ပွဲနှင့် ငြိမ်းချမ်းရေးတို့အတွက် TTP တို့၏ ဂယက်ရိုက်ခတ်မှုများအပြင် တာလီဘန်တို့ ဥပါယ်တံမျဉ်ဖြင့် ဒူးထောက်အသနားခံခြင်းကို နားယောင်မိ၍ ၂၀၀၇-၂၀၁၄ ကာလတို့တွင် ခါးသီးသောဖြစ်ရပ်များကို ကြုံခဲ့ရပုံကို မမေ့နိုင်သေးသူများအတွက် ဝန်ကြီးချုပ်၏ ယခုသဘောထားမှတ်ချက်များသည် အလွန် စိတ်မသက်မသာ ဖွယ်ရာပင် ဖြစ်သည်။

နိုင်ငံရေးတွင် သတိရစရာတွေ၊ အမှတ်တရတွေက တိုတောင်းနိုင်စရာရှိသည်။ တစ်ချိန်က ဒေသတွင်း၌ တာလီဘန်သောင်းကျန်းမှုအထွတ်အထိပ်ဖြစ်ခဲ့စဉ်က အီမရန်ခမ်း မည်သို့ မည်ပုံ ကိုင်တွယ်ခဲ့ရပုံများကို ယနေ့ ပါကစ္စတန်အနေဖြင့် ပြန်ပြောင်းသတိရသင့်သည်။ အကယ်၍ အီမရန်ခမ်းသည် ထိုစဉ်က ပဋိပက္ခများကို တိတ်တဆိတ် တင်းကြပ်ပေးခဲ့လျှင် ပါကစ္စတန်အတွက် သိသိသာသာ ပိုကောင်းစေမည်မှာ အမှန်ပင်ဖြစ်၏။

အီမရန်ခမ်းသည် တာလီဘန်များအပေါ် အလေးအနက်ထား၍ ကိုယ်ချင်းစာတရားရှိသည့် ရပ်တည်ချက်အတွက် ကိုယ်စားပြုနေခဲ့သည်။ သို့သော် တာလီဘန်-ခမ်း(Taliban Khan)ဆို၍ စကားရပ်တစ်ခုက မည်သည့်အခါမှ ဒွန်တွဲ၍ ရမည်မဟုတ်။ ထိုစဉ်က အဖြစ်အပျက်များကို သမိုင်းမတော်တဆမှုအဖြစ်သာ ခေါ်နိုင်ပြီး နောက်ကွယ်မှ အနီးကပ်လေ့လာကြည့်လျှင် ၂၀၀၈ - ၂၀၁၃ ကာလအတွင်း အမျိုးသားအစိုးရကို ပါကစ္စတန်ပြည်သူ့ပါတီ(PPP) ၊ မူတာဟက်ဒင်ကွာမိလှုပ်ရှားမှု (MQM) နှင့် အဝါမိအမျိုးသားပါတီ (ANP) စသည့်ဝါဒရေးရာအခြေခံသော ပါတီ သုံးဖွဲ့ဖြင့် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ယနေ့ခေတ် ထိုပါတီသုံးဖွဲ့စလုံးသည် အတိတ်အသွင်တွင် အရိပ်ထင်လို့ နေခဲ့သည်။

အကြမ်းဖက်အစွန်းရောက်များကို စစ်ပွဲဆင်နွှဲနေသည့် ရှုထောင့်မှကြည့်လျှင် ထိုသို့အစိုးရဖွဲ့စည်းပုံမှာ အတော်ပင် အကျိုးရှိလှသည်။ ဆိုလိုသည်မှာက အနည်းဆုံးနိုင်ငံရေးအဆင့်တွင် လူထုက ကြီးကြီးမားမား ကန့်ကွက်မှုမရှိလျှင် တောင် တာလီဘန်များသည် လူထု၏ဘုံရန်သူအဖြစ် မှန်ကန်စွာသတ်မှတ်ပေးဖို့လွယ်ကူစေသည့် အစိုးရမျိုး ဖြစ်ခဲ့သည်မှာ ငြင်းစရာမရှိပေ။

သို့သော်လည်း အီမရန်ခမ်းကတော့ တာလီဘန်များပေါ် ပြင်းထန်သည့်အရေးယူမှုတချို့ လုပ်ဆောင်ရန် ပေါ်ပေါက်တိုင်း ပါကစ္စတန်လူထုဆန္ဒနှင့် ကန့်လန့်တိုက်နေခဲ့သည်။ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက် ငွေကုန်ခံ၍ စစ်ပွဲပြင်ဆင်စေခြင်းဖြင့် အီမရန်ခမ်းက လူထုနှင့်ဆန့်ကျင်ဘက်တွေ လုပ်ဆောင်ပြ နေခဲ့သည်။

အီမရန်ခမ်း၏အာပေါင်အာရင်းသန်သန်ဖြင့် ဟောပြောချက်များသည် အချည်းနှီးတော့မဟုတ်ပေ။ နာမည်ကျော် ခရစ်ကတ်သမားနှင့် ထင်ရှားသည့်ပရဟိတသမားတစ်ဦးအဖြစ် သူ့နောက်ခံသမိုင်းကြောင်းများအရ ပြတ်သား၍ အလျှော့မပေးသော စကားလုံးများ ရွေးသုံးတတ်သည့်အပြင် ပါကစ္စတန်ရှိ အထက်တန်းလွှာ လေယူလေသိမ်းနှင့် လည်း ကိုက်ညီ၍ ထိုစဉ်က ပါကစ္စတန်တွင် အီမရန်ခမ်း လူကြိုက်များလာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူသည် တာဝန်ကင်းမဲ့သူလည်း ဖြစ်သည်။ စစ်ရေးစစ်ရာအတွက် လက်တွေ့ဖြေရှင်းရန်မှာ တခြားသူ၏ခေါင်းပေါ် ပုံချထားသည်။

သို့သော် အီမရန်ခမ်းသည် တခြားသူတွေထက်လည်း သာလွန်သည့်အချက်တွေလည်း ရှိသည်။ ပါကစ္စတန်မြေပေါ် ရှိ တာလီဘန်တို့၏ စကားထိုးစစ်ပွဲအနေအထားကို ပုံဖော်ခဲ့ပြီး မေးခွန်း ၃ ခုထုတ်၍ လှည့်ပတ်ခဲ့သည်။ ပထမ မေးခွန်းက တာလီဘန် (TTP) တို့သည် ပါကစ္စတန်ကို ဘာကြောင့် တိုက်ခိုက်တာလဲ။ ဒုတိယမေးခွန်းမှာ TTP ကို စေ့စပ်ညှိနှိုင်းခြင်း (သို့မဟုတ်) တိုက်ခိုက်ခြင်းဖြင့် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားက ဘယ်ဟာက ပိုများ သလဲ။ နောက်ဆုံးမေးခွန်းမှာ အမေရိကန်ဦးဆောင်သော မဟာမိတ်များသည် TTP ချေမှုန်းရေးအတွက် အကူအညီ လား (သို့မဟုတ်) အတားအဆီးလား ဟူ၍ ဖြစ်သည်။ ထိုမေးခွန်းများအနက် နောက်ဆုံးမေးခွန်းမှာ အမှန်တကယ် ဖြေရခက်သော်လည်း ဖြစ်ပေါ်ပြောင်းလဲမှုတွေအရတော့ မေးခွန်းတစ်ခုချင်းစီသည် အငြင်းပွားစရာတွေနှင့် ကွဲပြား နေသော အရောင်တွေထင်ဟပ်နေသည်ဟု ယူဆကြသည်။

ရွေးကောက်ခံအစိုးရနှင့် စစ်တပ်တို့သည် ပါကစ္စတန်ပြည်တွင်း၌ TTP ၏ သေလောက်သည့်ခြိမ်းခြောက်မှုများကို ကောင်းစွာသဘောပေါက်ကြသည်။ ယင်းခြိမ်းခြောက်မှု ချေဖျက်ရေးအတွက် ပို၍ခိုင်မာ၊ ပို၍အားကောင်းသော ချဉ်းကပ်နည်းကို အီမရန်ခမ်းက နှစ်သက်သော်လည်း ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့သည်။ တာလီဘန် များအတွက် အ ကြောင်းပြချက်ပေးခဲ့သည်။ တကယ့်ပြဿနာမှာ တာလီဘန်တွေမဟုတ်ဘဲနှင့် အစိုးရ ခြိမ်းခြောက် ခံရခြင်းတို့ဖြစ်သည်။ အိမ်နီးချင်း အာဖဂန်တို့ ဆင်နွှဲခဲ့သော အမေရိကန်တို့၏ စစ်ပွဲအပေါ် အီမရန်ခမ်းသည် ဒေါ်လာပြင်းပြစွာ တောင့်တမှုအရ လှုံ့ဆော်ခဲ့သည်ဟု နိုင်ငံရေးအကဲခတ်သမားတချို့က ဝေဖန်ကြသည်။ အမေရိကန်တို့ပေးသော အခွင့်အရေးသည် အတိုင်းအတာတစ်ခုအထိ မှန်ကန်သည့်တိုင် နိုင်ငံရေး အဆိပ် ဖြစ်ကြောင်း ကြာလာလေ ပိုသိလာလေ ဖြစ်ခဲ့သည်။

လွှတ်တော်နှင့်လူထုကို ထည့်သွင်းမဆွေးနွေးဘဲ တာလီဘန်တို့နှင့် စေ့စပ်ညှိနှိုင်းရေးအတွက် အီမရန်ခမ်း လုပ်ဆောင်နေခြင်းသည် တာလီဘန်များကို ခွင့်လွှတ်ကြောင်းအာမခံချက် ကြေညာမည့်အသွင်ဆောင် လာခဲ့သည်။

တကယ်တော့ အီမရန်ခမ်းသည် မီးငြှိမ်းသတ်ဖို့ ပျက်ကွက်ခဲ့သူတစ်ယောက်မဟုတ်ပေ။ ထို့ထက် ဆိုးဝါးသည်မှာ မီးသတ်သမားကို အဆောက်အအုံအတွင်းသို့ ဝင်ခွင့်တားမြစ်ပြီး မီးရှိန်တက်နေချိန်စဉ်တွင် မီးလောင်မှု သဘော သဘာဝကို ဋီကာချဲ့၍ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးနေခဲ့သည်။ ထို မီးလောင်မှုနောက်ပိုင်း အဆောက်အအုံအတွင်း အ သက်ရှင်ကျန်နေသူများကို ထပ်မံအကြောင်းမကြားရုံသာမက မီးရှို့သူနှင့် ထပ်မံ၍ အပေးအယူစာချုပ်ချုပ်ရန် ခွင့်ပြုလိုက်သည့် ဥပမာနှင့် အီမရန်ခမ်းလုပ်ကိုင်နေပုံတို့များစွာ ဆင်တူလှသည်။

တာလီဘန်တို့နှင့် စေ့စပ်ညှိနှိုင်းရေးသည် ပါကစ္စတန်နိုင်ငံသားများ ခံစားခဲ့ရသည့် စိတ်ဒဏ်ရာကို ပိုမို ဆိုးရွားစေသည်။ တာလီဘန်တို့၏ရည်ရွယ်ချက်နှင့်ပတ်က်၍ သူ၏ယုံမှားသံသယများက ပါကစ္စတန် နိုင်ငံသားများ၏လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ဦးတည်လာနေပြီဖြစ်ကြောင်း။ ။

(အယ်လ်ဂျာဇီးယားဝက်ဆိုက်တွင် အောက်တိုဘာ ၂၇ ရက် ရက်စွဲဖြင့် ဖော်ပြထားသော ဆောင်းပါးရှင် Ahan I Butt ၏သဘောထားအမြင်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုပေးထားပါသည်)