CNI International Article

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇

ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံတိုးတက်ရေး သဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP) အတွက် တရုတ်နိုင်ငံက စက်တင်ဘာ ၁၆ ရက်တွင် လျှောက်လွှာ တင်ခဲ့သည်။

ယင်းနောက် ၎င်း၏အဓိက မဟာဗျူဟာမြောက် ပြိုင်ဘက်ဖြစ်သည့် အမေရိကန်က ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဖန်တီး ထားသော ဒေသတွင်း ဈေးကွက်ဖွင့်ရေး အစီအစဉ်၌ တရုတ်ခံစားခွင့်ဖြစ်လာ၍ ဝါရှင်တန်အနေဖြင့် အလွဲလွဲ အချော်ချော် ဖြစ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

ပြောရမည်ဆိုလျှင် ကမ္ဘာလုံးဆန်မှု (Globalization)ကို မြှင့်တင်ခြင်းသည် ဆိုးရွားသောမူဝါဒ ဖြစ်သည်ဟု လူကြိုက်များသည့် အမြင်တစ်ရပ်ကို အမေရိကန် နိုင်ငံရေးပါတီ နှစ်ရပ်စလုံးက ရှုမြင်ခြင်းဖြင့် CPTPP သို့ သွားရေးအတွက် သမ္မတ ဂျိုးဘိုင်ဒန်၏ အကြံအစည်၏ ဖြစ်နိုင်ခြေမှာ သုညနီးပါးဖြစ်သည်။

စင်စစ်အားဖြင့်လည်း CPTPP တွင် လက်ခံရေးအတွက် ကွန်ဂရက်(လွှတ်တော်)၏ ထောက်ခံမှုရယူရန် အိမ်ဖြူတော် ကြိုးပမ်း ချက်တိုင်း လိုလိုသည် အဟောသိကံ ဖြစ်သွားရလေ့ရှိသည်။

လက်ရှိ အရေးတကြီးဖြစ်လာသည့် မေးခွန်းကတော့ CPTPP ၌ အမှန်တကယ်ရှိသည့် အဖွဲ့ဝင် ၁၁ ဦးအနက် ဂျပန်သည် အင်အား အကောင်းဆုံးဖြစ်နေသည်။ သို့ဖြစ်၍ တရုတ်နှင့်ထိုင်ဝမ်တို့မှ လာသော လျှောက်လွှာနှစ်စောင်ကို ဂျပန်နိုင်ငံ အနေဖြင့် မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းမည်နည်း။

တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ အကြီးဆုံး ဈေးကွက်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသ စီးပွားရေးတွင် အရေးပါသော ကဏ္ဍမှ ပါဝင် လျက်ရှိသည်။ သို့သော် ဘေဂျင်း လျှောက်လွှာတင်ပြီး ရက်ပိုင်းအတွင်းမှာပင် ထိုင်ဝမ်ကလည်း ၎င်း၏ တရားဝင် အတိုးနှုန်းကို မှတ်ပုံတင်လာခဲ့သည်။ ထိုင်ဝမ်တွင် CPTPP ၏ လိုအပ်သည့် စံနှုန်းများနှင့် ပိုမိုနီးစပ်သော စီးပွားရေး စည်းမျဉ်းများနှင့် စီးပွား ရေး အလေ့အထများ အခြေခိုင်နေပြီ ဖြစ်သည်။

ယခု လျှောက်လွှာရှင် နှစ်ဦးတို့သည် ၎င်းတို့ အချုပ်အခြာအာဏာအတွက် နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ပွဲဝင် နေရခြင်း ကြောင့် CPTPP သို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်နိုင်ရေးမှာလည်း ပိုမိုရှုပ်ထွေးလာခဲ့သည်။

ပုံ-တရုတ်သမ္မတကိုတွေ့ရစဉ်။(Xinhua)

နစ်ကိုင်းအေးရှား၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သလို CPTPP သည် တရုတ်နိုင်ငံကို ပြောင်းလဲစေနိုင်သလား (သို့မဟုတ်) တရုတ်က ပြောင်းလဲသွားမှာလားဆိုသည့် မေးခွန်းနှစ်ခုကို ကွဲပြားအောင် လုပ်ဆောင်ရန် ဒေသတွင်းမှ ကျွမ်းကျင် သူများက ခွဲခြမ်းစိတ်ဖြာကြည့်ကြသည်။

တရုတ်သည် CPTPP စံနှုန်းများကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်ပါလျှင် အင်ဒို-ပစိဖိတ် စီးပွားရေးအတွက် သိသာထင်ရှား သော အကျိုးရှိနိုင်ခြေရှိ၍ အချို့က ထောက်ခံကြသည်။

အချို့ကလည်း CPTPP အဖွဲ့ဝင်ဖြစ်ခြင်းသည် ဘေဂျင်း၏ ဒေသတွင်း ပါဝါကို မြှင့်တင်ရန် အလွန်အကျွံ လုပ်ဆောင်မည်ဟု ယုံကြည်သောကြောင့် တရုတ်ကို ဖယ်ထုတ်ရန် အာရုံစိုက်လိုကြသည်။ CPTPP စံနှုန်းများနှင့် ကိုက်ညီအောင် ဘေဂျင်း စီးပွားရေး ပြုပြင်ပြောင်းလဲရန်အတွက် ၎င်း၏ရိုးသားမှုအပေါ် သံသယရှိကြသည်။

တစ်ချိန်တည်းမှာပင် CPTPP အဖွဲ့ဝင်များအကြား ထိုင်ဝမ်လည်း အဖွဲ့ထဲသို့ အပြိုင်အဆိုင် ဝင်လာရေးအပေါ် ထောက်ခံပေးဖို့ ယခုကာလအထိ တီးတိုးတီးတိုး ပြောနေကြသည့် အသံအများစုမှာ ဂျပန်နိုင်ငံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထိုပဟေဠိကို အဖြေညှိဖို့ အသေးစိတ် အချက်အလက်များ အဖွဲ့အတွင်းမှာပဲ ရှိနေသည်ဟု စာရေးသူ ယုံကြည်သည်။ CPTPP အဖွဲ့ဝင်များသည် တရုတ်နှင့် ထိုင်ဝမ်တို့မှ တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းများကို သီးခြားစီ စဉ်းစားပြီး ညှိနှိုင်းပါက တရုတ်ကလည်း CPTPP လက်ရှိအဖွဲ့ဝင်များကို အခိုင်အမာ လိုက်လျောလာမည့် ကျဉ်းမြောင်းသော ကစားကွက် ဖန်တီးပေး မည့် အခွင့်အလမ်းလည်း ရှိနေသည်။

တရုတ်ကို အဖွဲ့ထဲ ဆွဲထည့်ခြင်းဖြင့် CPTPP စည်းမျဉ်းများကို ဖြေလျှော့ပေးနိုင်ပြီး ခြွင်းချက်အနေဖြင့် တိုးချဲ့မှုအမျိုးမျိုး လုပ် နိုင်သည်။

ထို့ပြင် CPTPP တွင် မျိုးဆက်တစ်ခုမှ တစ်ခုသို့ အပြောင်းအလဲ ပြုလုပ်စရာမလိုဘဲနှင့် တရုတ်စီးပွားရေးထဲ ပါဝင်နိုင်ရန် ဈေးတည့်နိုင်သည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် ထိုင်ဝမ်က အဖွဲ့ဝင်သစ်ဖြစ်ရေး ဝင်ရောက်ပြိုင်ဆိုင်လာခြင်းအပေါ် ရပ်တန့်စေရန် နှစ်နိုင်ငံ သံခင်းတမန်ခင်း (Diplomacy) အားဖြင့် အရွေ့တစ်ခုလည်း ဖြစ်လာနိုင်သည်။

ပုံ-ထိုင်ဝမ်သမ္မတကိုတွေ့ရစဉ်။(Reuters)

ထိုနှစ်နိုင်ငံကို သီးခြားဆက်ဆံမည့်အစား CPTPP အဖွဲ့ဝင်များအနေဖြင့် တရုတ်နှင့်ထိုင်ဝမ် လျှောက်လွှာများကို ညှိနှိုင်းရေး စားပွဲတစ်လုံးတည်းပေါ် တင်၍ အတူတကွ ထည့်သွင်းစဉ်းစားသင့်ပြီး ၎င်းတို့နှစ်ဦး ဝင်ခွင့်အတွက် သိသာစွာ ယှဉ်နိုင်ဖို့ တွန်း အား ပေးသင့်သည်ဟု စာရေးသူ ယုံကြည်မိသည်။

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ အလုပ်သမား သမဂ္ဂများဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ အပါအဝင် ပြင်းထန်သော CPTPP လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးကို ဖိုရမ်တစ်ခုတည်းတွင် တောင်းဆိုထားသော ကြောင့် ပေါင်းစပ်ယှဉ်ပြိုင်မှုနှင့် ယှဉ်ပြိုင်မှု လုပ်ငန်းစဉ်အားဖြင့် ပိုမိုကောင်းမွန်သော ရလဒ်များကို ထွက်ပေါ်လာစေမည် ဖြစ် သည်။

ထိုလုပ်ငန်းစဉ်ထဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ ဝင်ရောက်ခွင့်၊ ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး စည်းမျဉ်းများနှင့် ငွေကြေးပြောင်းလဲနိုင်မှု စသည့် အစိတ်အပိုင်းများလည်း အကျုံးဝင်မည် ဖြစ်သည်။

ယခုအချိန်တွင် ဂျပန်နှင့် အခြားသော CPTPP အဖွဲ့ဝင်များ လုပ်ဆောင်သင့်သည့် စမတ်ကျသော ပုံစံမှာ လာမည့် အစည်း အဝေးတွင် တရုတ်၊ ထိုင်ဝမ်တို့နှင့်အတူ ယှဉ်တွဲထိုင်၍ ၎င်းတို့ ကိုယ်စားလှယ်လောင်းများ ပိုမိုပူးပေါင်းလာအောင် တက်တက် ကြွကြွ စေ့ဆော်ပေးခြင်း ဖြစ်သည်။

ပုံ-CPTPP အဖွဲ့ဝင်များကိုတွေ့ရစဉ်။ (Reuters)

အလားတူ ဗြိတိန်နှင့် တောင်ကိုရီးယားတို့ကလည်း CPTPP ကို အလွန်စိတ်ဝင်စားကြောင်း သိရပြီး ၎င်းတို့တွင် ကြီးမားသော စွမ်းဆောင်ရည်ရှိသည့် ဈေးကွက် အခြေပြု စီးပွားရေးများ ကိုယ်စီကိုယ်င ရှိကြသည်။

အဆိုပါ မိတ်ဖက်များနှင့် ဖိလစ်ပိုင်ကဲ့သို့ အခြားနိုင်ငံများကိုပါ ထည့်သွင်း ပေါင်းစပ်ပေးခြင်းဖြင့် CPTPP ၏ မြင့်မားသော စံနှုန်းများအပေါ် အလေးပေးမှု ပိုအားကောင်းစေပြီး လုပ်ငန်းစဉ် ပြီးဆုံးချိန်တွင် ပိုမိုကြီးမားသော စီးပွားရေး အကျိုးအမြတ် များ ရရှိစေမည်ဖြစ်သည်။

တိုကျိုသည် ဆိုးလ်ထံမှ CPTPP အဖွဲ့ဝင် မဟုတ်ဘဲ ‘ပိုနေမြဲ၊ ကျားနေမြဲ’ အခြေအနေ တောင်းဆိုခြင်းမရှိဘဲ တောင်ကိုရီးယား ရှေ့တစ်ဆင့် တက်လှမ်းရေးအတွက် CPTPP သို့ လျှောက်ထားလာအောင် စေ့ဆော်ပေးခြင်းဖြင့် ဆိုးလ်နှင့်တိုကျိုတို့အကြား အဖုအထစ်ရှိနေသော ဆက်ဆံရေး ပြေပြစ်အောင် များစွာလုပ်ဆောင်ပေးနိုင်သည်။

အချို့ကိစ္စများကို ဝါရှင်တန်နှင့် တိုင်ပင်နိုင်သော်လည်း အချို့နေရာများ၌ ဝါရှင်တန်ကိုချည်း အားကိုး၍မရကြောင်း တိုကျိုက သဘောပေါက်ဖို့လည်း လိုသည်။
ဂျပန်နိုင်ငံသည် CPTPP အဖွဲ့ဝင်ဖြစ်မှုအတွင်း စိတ်တူကိုယ်တူဖြစ်သည့် မိတ်ဖက်နိုင်ငံများ၏ အထောက်အပံ့များ ယူရင်း ၎င်း၏ ကိုယ်ပိုင် အထောက်အပံ့များကို အသုံးပြု၍ ရှေ့ဆက်လမ်းကြောင်းကို ဖောက်လုပ်ရမည်ဖြစ်ပါသည်။

လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC)၏ ခေါင်းဆောင်များ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတဆင့် လုပ်ဆောင်ရန် သင့်လျော်သော အခွင့်အရေး ဖြစ်သည်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai ၏ တိုကျိုမြို့သို့ လာရောက်မည့် နိုဝင်ဘာ ၁၅ ရက် ခရီးစဉ်တွင် ဂျပန်က CPTPP ရေးရာနှင့်ပတ်သက်၍ ချပြစရာများ ကြေညာခြင်းသည် ကောင်းမွန်သော ဗျူဟာများ ရေးဆွဲရန် နောက်ထပ် အသုံးဝင်မည့် အခွင့်အရေး ဖြစ်ပါသတည်း။ ။

(Nikkei Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဆောင်းပါးရှင် Kurt Tong ၏ သဘောထားအမြင်ကို CNI က ဆီလျော် အောင် ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါသည်)