CNI Article

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇

 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ကာ မတည်မငြိမ်မှုများ ဖြစ် ပေါ်ခဲ့သည်။ အဆိုပါ မတည်မငြိမ်မှုများသည် ဆန္ဒပြခြင်းမှတဆင့် လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်း ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

တစ်ဖက်မှာလည်း နိုင်ငံတကာက တရားဝင် ထောက်ခံ အသိအမှတ်ပြုရေး ရရှိရန်အတွက် သံတမန်ရေးရာ အားပြိုင်မှုများ ဖြစ်ပေါ်နေသည်။

အဆိုပါ သံတမန်ရေးရာ အားပြိုင်နေကြသည့် အင်အားစု နှစ်စုမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(UNG)တို့ဖြစ်သည်။ သံတမန်ရေးရာ အားပြိုင်မှုများကို ဖေဖော်ဝါရီလမှ ယခု နိုဝင်ဘာလအထိ လေ့လာကြည့်လျှင် စက်တင်ဘာလ၊အောက်တိုဘာလ၊နိုဝင်ဘာလများသည် ပိုမို စိတ်ဝင်စား စရာ အကောင်းဆုံး ကာလများဖြစ်သည်။

စက်တင်ဘာလကဆိုလျှင် ကုလသမဂ္ဂ၏ ၇၆ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ခန့် အပ်သည့် ကိုယ်စားလှယ်ကို အသိအမှတ်ပြုပေးရန် အစီအစဉ်လည်း ပါဝင်သည်။

ထို့ကြောင့် နစက-က ခန့်အပ်သည့်ကိုယ်စားလှယ်ကို လက်ခံမှာလား၊ NUG က ခန့်အပ်သည့် ကိုယ်စားလှယ် ကို လက်ခံမှာလား နိုင်ငံတကာအသိုင်းအဝန်းအတွက်လည်း ခေါင်းကိုက်ခဲ့ရသလို ကုလမှာ ကိုယ်စားပြု ခွင့်ရရှိရေး ကြိုးပမ်းကြသည့် ဘက်နှစ်ဖက်အတွက်လည်း ခေါင်းကိုက်ခဲ့ရသည်။

ပုံ-ဦးကျော်မိုးထွန်းကိုတွေ့ရစဉ်

သို့သော် နောက်ဆုံးမှာတော့ တရုတ်နှင့်အမေရိကန် နားလည်မှုရယူပြီး NLD အစိုးရလက်ထက်က ခန့်အပ်ပြီး ဒီဇင်ဘာလကုန်မှ သက်တမ်းပြည့်မည့် ဦးကျော်မိုးထွန်းကိုသာ ဆက်ထားရန် ဖြစ်လာခဲ့သည်။ ဦးကျော်မိုးထွန်း သည် NUG က ကုလကိုယ်စားလှယ်အဖြစ် ခန့်အပ်စေလိုသော သံတမန်ဖြစ်သည့်အတွက် NUG အတွက်တော့ အရှုံးမဖြစ်ခဲ့ပဲ အနည်း ငယ် ဖြေသိမ့်စရာ ဖြစ်ခဲ့ပါသည်။

ထို့နောက် အောက်တိုဘာလသို့ ကူးပြောင်း ရောက်ရှိလာသည့်အခါမှာလည်း အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်သင့်/မဖိတ်သင့် အာဆီယံအသိုင်းအဝန်းနှင့် နိုင်ငံတကာအသိုင်းအဝန်းကြားမှာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ကြသည်။

NUG ဘက်ကလည်း မဖိတ်သင့်ကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ကလည်း ကုလနှင့်အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပလိုက်ပါက နစကကို အသိအမှတ်ပြုရာ ရောက်သွားမည်ဟုဆိုကာ အစည်းအဝေးကို ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးမှာတော့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ ထားခဲ့သည်။

အလားတူ မြန်မာနိုင်ငံကို လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရီယူဝမ်ဆွတ်စ် ခရီးစဉ် လည်း ညှိနှိုင်းမှု အဆင်မပြေဖြစ်ကာ ပျက်သွားခဲ့သည်။ အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာ ကို လွတ်ပေးရန်လည်း နိုင်ငံတကာက တောင်းဆိုခဲ့သော်လည်း နစကဘက်က လွတ်မပေးခဲ့ပေ။

ဥရောပသမဂ္ဂပါလီမန်ကလည်း NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ကို ထောက်ခံကြောင်း အောက်တိုဘာ ၇ ရက်က ဆုံးဖြတ်ခဲ့သည်။

ပုံ-ဥရောပသမဂ္ဂပါလီမန်ကိုတွေ့ရစဉ်

ထို့ကြောင့် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် နိုင်ငံတကာ၏ မြန်မာပြည်အရေး ဆောင်ရွက်မှု ခြေလှမ်း သည် NUG နှင့်ဆက်ဆံရေး ကောင်းခဲ့ပြီး နစကအတွက်မူ ကောင်းမွန်သည့် သံတမန် ဆက်ဆံရေး မတည် ဆောက်နိုင်ခဲ့သည်ကို တွေ့ရမည်။

ဤသို့ နစကနှင့် နိုင်ငံတကာ အသိုင်းအဝန်းကြား သံတမန်ရေးရာ ဆက်ဆံရေး မကောင်းသည့် အချိန်မှာဘဲ နိုဝင်ဘာလသို့ ရောက်ရှိလာခဲ့သည်။ နစကခေါင်းဆောင်သည် ယခင်လများက နိုင်ငံတကာနှင့်ဆက်ဆံသည့် မဟာဗျူဟာကို ပြောင်းလဲ ကျင့်သုံးလာခြင်းကြောင့်လားတော့မသိ နိုင်ငံတကာ သံတမန်များ နေပြည်တော်သို့ တဖွဲဖွဲ ရောက်ရှိလာခဲ့သည်။

နေပြည်တော်သို့ ရောက်ရှိလာသည့် သံတမန်များမှာ နိုဝင်ဘာ ၂ ရက်နေ့က အမေရိကန် သံအမတ်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်(နိုဝင်ဘာ ၁၅ ရက်ကတစ်ခါ)၊ နိုဝင်ဘာ ၁၂ ရက်ကနေ ယနေ့(နိုဝင်ဘာ ၁၈ ရက်)ထိ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၊ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်ထိ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ အိန္ဒိယနိုင်ငံသံအမတ်ကြီး စသည်တို့ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Saurabh Kumar သည် နိုဝင်ဘာ ၁၂ ရက်က နစက၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံသို့ အထူးကုဆရာဝန်များ စေလွှတ် ပညာ သင်ကြားရေးကိစ္စ၊ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး သုံးခွင့်ရရှိရေးကိစ္စ၊ နှစ်နိုင်ငံ ခရီး သွားလာခြင်း ကန့်သတ်ချက် ဖြေလျော့ခွင့်ပြုရေးကိစ္စ၊ မြန်မာနိုင်ငံတွင် State-of-the-Art ဆေးရုံ တည် ဆောက်ရေးကိစ္စတို့ ဆွေးနွေးခဲ့သည်။

ပုံ-အိန္ဒိယသံအမတ်ကြီး H.E.Mr. Saurabh Kumar နဲ့ ၀န်ကြီး ဉီးအောင်နိုင်ဉီးတို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးနေစဉ်

ထို့နောက် သံအမတ်ကြီးသည် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ အောင်နိုင်ဦး နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သလို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်လည်း နည်းပညာပိုင်း အပါအဝင် နှစ်နိုင်ငံ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ကျန်သံတမန်များကမူ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အမေရိကန်သံအမတ်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်သည် ပထမ တစ်ခေါက်လာစဉ်က ဘီလ်ရစ်ချတ်ဆန် စင်တာက ဝန်ထမ်း အမျိုးသမီး ဖမ်းဆီးခံထားရမှု ထောင်ကနေ ပြန်ခေါ်ထုတ်နိုင်ခဲ့သလို လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထောက်ပံ့ကူညီ နိုင်ရေး၊ အကျဉ်းထောင်များအတွင်း ကြက်ခြေနီအဖွဲ့ဝင်ထွက်ခွင့် ရနိုင်ရေးတို့ကို စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ဒုတိယအခေါက် နိုဝင်ဘာ ၁၅ ရက်မှာတော့ နိုင်ငံတကာက ပြန်လွတ်ပေးရန် တောင်းဆိုနေသည့် အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာကို သူနှင့်အတူ မိခင်နိုင်ငံကို ပြန်ခေါ်သွားနိုင်ခဲ့သည်။

ပုံ-၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၅ ရက်က အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာကို ဘီလ်ရစ်ချတ်ဆန် မိခင်နိုင်ငံသို့ ပြန်ခေါ်သွားစဉ်

အလားတူ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခွင့်ရခဲ့သလို ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများနှင့် ဘင်္ဂါလီစခန်းများကို သွားရောက် ခွင့် ရရှိခဲ့သည်။ ငြိမ်းချမ်းရေးကိစ္စတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲများ ဆက်လက် ရပ်တန့်ထားနိုင်ရေးနှင့် နှစ်ဖက် ဖမ်းဆီးထားသူများ အပြန်အလှန်ပြန်လွတ်ပေးရေး စေ့စပ်ပေးနိုင်ခဲ့သည်။

တခြား တစ်ဖက်မှာတော့ ဂျပန်နိုင်ငံက နစက-က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၏ သံတမန်များအဖြစ် ခန့်အပ်စေလိုသည့် သံတမန် ၅ ဦးကို လက်ခံခဲ့သည်။

အဆိုပါ အခြေအနေ အရပ်ရပ်ကို အလုံးစုံ ခြုံငုံကြည့်မည်ဆိုပါက နိုင်ငံတကာ သံတမန်များနှင့် နစကတို့ကြား ထူးခြားသော သံတမန် ဆက်ဆံရေးကို တည်ဆောက်ထားနိုင်နေပြီးလား မေးခွန်းထုတ်စရာဖြစ်လာသလို စဉ်းစားစရာ အတွေးတစလည်း ဖြစ်လာစေခဲ့သည်။

ပုံ- ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၂ ရက်က ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ပိုမိုထူးခြားသည်မှာ ယခုလ(နိုဝင်ဘာလ)အတွင်း ရောက်ရှိလာသည့် ဂျပန်၊ အိန္ဒိယ၊ အမေရိကန် သံတမန်များသည် ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ သြစတြေလျ လေးနိုင်ငံမဟာမိတ်(QUAD-ကွက်ဒ်)အဖွဲ့ဝင်များထဲက နိုင်ငံ များ ဖြစ်နေသည်။

QUAD သည် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဖြစ်လာစေရေး ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။ ထို့နောက် တရုတ်၏ အာဆီယံနိုင်ငံများအပေါ် သြဇာလွှမ်းမိုးလာနေခြင်းကို တန်ပြန်နိုင်ရေးအတွက် ပထဝီမဟာဗျူဟာအရေး တိုးချဲ့ထားသည့် မဟာမိတ်အဖွဲ့ဖြစ်သည်။

QUAD ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ချက်တွင် အာဆီယံညီညွတ်ရေးကို ပံ့ပိုးမည်၊ အင်အားစု အားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်မည်၊ အာဆီယံအား ဗဟိုချက်မ ဖြစ်စေရေး ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

မည်သို့ပင်ဆိုစေကာမူ QUAD (ကွက်ဒ်) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များ နေပြည်တော်သို့ ရှေ့ဆင့် နောက် ဆင့် ရောက်ရှိလာနေခြင်းနှင့်အပြိုင် တရုတ်နိုင်ငံသည်လည်း အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်ကို နေပြည်တော်သို့ စေလွှတ်လာခဲ့သည်။

ပုံ-ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ သြစတြေလျ လေးနိုင်ငံမဟာမိတ်(QUAD-ကွက်ဒ်)အဖွဲ့ဝင်များမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

တချို့တော့ မစ္စတာဘီလ်ရစ်ချတ်ဆန်သည် အမေရိကန်နိုင်ငံ၏ ကိုယ်စားသွားရောက်ခြင်းမဟုတ်ဘဲ တစ်သီးပုဂ္ဂလအနေဖြင့် သွားခြင်းသာဖြစ်သည်ဟု ဆိုကြသည်။

ဤသို့ဆိုလျှင် မစ္စတာဘီလ်ရစ်ချတ်ဆန်သည် မြန်မာ ပြည်ခရီးစဉ်နှင့်ပတ်သက်ပြီး အမေရိကန်အစိုးရနှင့် ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို ဘာကြောင့် အသိ ပေးခဲ့ရသလဲ၊ အမေရိကန်ကရော ဘာကြောင့်သွားရောက်ခွင့်ပြုခဲ့သလဲ၊ မစ္စတာဘီလ်ရစ်ချတ်ဆန် မြန်မာပြည် ကိုလာပြီး နစကနှင့်တွေ့ခြင်းက အသိအမှတ်ပြုရာရောက်သည်ဟု တခြားသော အဖွဲ့အစည်းများက ဘာကြောင့် ထုတ်ပြန်ကြေညာခဲ့ကြရသလဲ စသဖြင့် မေးခွန်းများ ပြန်ထုတ်စရာရှိလာနိုင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန် နိုဝင်ဘာလတွင် ဒုတိယအကြိမ် မြန်မာပြည် ခရီးစဉ်အဖြစ်ရောက်လာခဲ့ပြီး နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုတွင် နစကဘက်က ရှေ့ လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်သူ များမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာ မာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင် ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေးအခြေအနေများ၊  မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဆက်ဆံရေးအခြေအနေများတို့ကို ဆွေးနွေးခဲ့ကြသည်ဟု နစက-က ထုတ်ပြန်ကြေညာထားသည်။

ပုံ-၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၅ ရက်က တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

တရုတ်ဘက်ကတော့ မြန်မာပြည်ကို မလာခင် ဘရူးနိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပမည့် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအတွက် နစကဥက္ကဋ္ဌ ဖိတ် ကြားနိုင်ရေး ကြိုတင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် နိုဝင်ဘာလအတွင်း နေပြည်တော်မှာ QUAD အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဂျပန်၊ အမေရိကန်၊ အိန္ဒိယ တို့မှ သံတမန်များနှင့် တရုတ်သံတမန်တို့ ခြေချင်းလိမ်နေကြစဉ် အမေရိကန်၏မဟာမိတ် ထိုင်းနိုင်ငံကလည်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမွတ်ဝိနိုင် နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့သေး သည်။

တခြား တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် နိုဝင်ဘာ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲလုပ်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေမှု အခြေ အနေများ၊ နွေဦးတော်လှန်ရေး အောင်မြင်ရန် ကြိုးပမ်းနေမှု အခြေအနေများကို ချပြသွားခဲ့သည်။

အထက်ပါ အခြေအနေ အရပ်ရပ်သည် ယခု နိုဝင်ဘာလတွင် နစကနှင့် NUG ကြားက နိုင်ငံတကာ သံတမန်များ၏ ခြေလှမ်းများကို မြင်တွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် မြန်မာ့နိုင်ငံရေး မည်သို့ အပြောင်းအလဲများ မြင်တွေ့လာရမလဲဆိုတာကိုတော့ စောင့်ကြည့်ရပေတော့မည်။