CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉

ရုရှားအသင်းဟာ နိုဝင်ဘာလမှာ ဥဇဘတ်ကစ္စတန်၊ တာဂျစ်ကစ္စတန်တို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြလာကြပါတယ်။

ရုရှားအသင်းဟာ အစောပိုင်းက အီရန်၊ ဘော့စနီးယားတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ ပြောထားပေမယ့် ဒီအစဉ် ဟာ မသေချာ မရေမရာ ဖြစ်နေပါတယ်။

Match TV က ရုရှားအသင်းဟာ တာဂျစ်ကစ္စတန်ကို သွားရောက်ကာ နိုဝင်ဘာလ ၁၇ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် မှာဖြစ်ပြီး နောက် ၃ ရက်အကြာမှာတော့ ဥဇဘတ်ကစ္စတန်အသင်းနဲ့ ကစားမယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းကို ရုရှားဘောလုံးအဖွဲ့ချုပ်က အတည်မပြုထားပေမယ့် တာဂျစ်ကစ္စတန် အာဏာပိုင်တွေနဲ့ ပွဲစဉ် တစ်ပွဲ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ရုရှားအသင်းဟာ နိုဝင်ဘာလထဲမှာ အီရန်၊ ဘော့စနီးယားတို့နဲ့ ခြေစမ်းမယ်လို့ ပြီးခဲ့တဲ့လက ပြောထားပေမယ့် အီရန်နဲ့ ကစားမယ့်ပွဲအတွက် နေ့ရက်နဲ့ နေရာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အီရန်အသင်းဟာ နိုဝင်ဘာလ ၁၀ ရက်မှာ နီကာရာဂွာအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။

ရုရှား အမျိုးသား ဘောလုံးအသင်းကိုတွေ့ရစဉ် (RT)

ဘော့စနီးယား ဘောလုံး တာဝန်ရှိသူတွေက ရုရှားအသင်းနဲ့ နိုဝင်ဘာလ ၁၉ ရက် စိန့်ပီတာစဘတ်ရှိ ဂတ်စပွန် အရီနာမှာ ခြေစမ်းပွဲကစားဖို့ မူအရ သဘောတူညီထားကြောင်း စက်တင်ဘာလက အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် ဘော့စနီးယား လက်ရွေးစင် အဓိက ကစားသမားတွေဖြစ်တဲ့ ဂျက်ကိုနဲ့ ယာနစ်အပြင် ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်တွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ်ဟာ ဒီပွဲမကစားဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဖိအားပေးခြင်းကိုလည်း ခံခဲ့ ရတာပါ။

ရုရှားလက်ရွေးစင်နဲ့ ကလပ် အသင်းတွေဟာ ယူကရိန်းပဋိပက္ခကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်း ခံထားရပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ရုရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသလို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲပါ ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

ရုရှားအသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးပွဲအဖြစ် ကာဂျစ္စတန်အသင်းနဲ့ ပြီးခဲ့တဲ့ လက ခြေစမ်းပွဲ ကစားခဲ့တာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန