CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင် ရပ်ကွက်တွင် ဩဂုတ် ၂၄ ရက် နံနက် ၆ နာရီ ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ရာ အသက် ၇ လအရွယ် ကလေးငယ် တစ်ဉီးလည်း ပါ၀င်ကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုအတွင်း နေအိမ်နှစ်လုံးပြိုကျကာ နေအိမ်တစ်အိမ်တွင် လူ ၃ ဦးနှင့် နောက်တစ်အိမ်၌ လူ ၈ ဦး သေဆုံးခဲ့သည်ဟု ပါရမီပရဟိတအသင်းမှ တာဝန်ရှိသူ ကိုမျိုး(အမည်လွဲ)က CNI သတင်းဌာနသို့ ပြောသည်။

“အောင်သစ်လွင်ဆိုတဲ့ ရပ်ကွက်ပေါ့နော်။ မနက်အစောကြီး မိုးကလည်း တော်တော်သည်းတယ်လေ။ မိုးက လည်း ရေပါတယ်။ မနက် ၆ နာရီလောက် တောင်စောင်းပြိုပြီးတော့ ကျပါတယ်။ အိမ်နှစ်အိမ်ပိသွားပါတယ်။ တစ်အိမ်မှာတော့ ၃ ယောက်၊ နောက်တစ်အိမ်မှာတော့ ၈ ယောက်၊ အားလုံး အသက်ပြန်မရပါဘူး။ တော်တော် ကို ထုတ်ယူရပါတယ်။ မြေဖော်စက်တွေနဲ့ ပထမ သုံးလောင်းရတယ်။ ကျန်တာတော့ ညနေပိုင်းမှ အလောင်းရ တယ်။ အားလုံး ၁၁ လောင်း ဆုံးတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူ အများစုမှာ လူငယ် အများအပြား ပါဝင်ကြောင်း၊ ၎င်းတို့ထဲတွင် အသက် ၇ လအရွယ် ကလေး ငယ် တစ်ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် ၃၀ နှစ်ကျော် အရွယ်များ ပါ၀င်ကြကြောင်း သိရသည်။

ပါရမီပရဟိတအသင်းမှ တာဝန်ရှိသူ ကိုမျိုး(အမည်လွဲ)က “ကျနော်တို့ မြို့က မိုးများပြီဆိုရင် စိုးရိမ်ရပါတယ်။ စိုးရိမ်ရတယ် ဆိုတဲ့ နေရာမှာ အကြောင်းကြောင်းပေါ့။ ကျနော်တို့ဆီမှာ ဆင်းရဲသားတွေကလည်း ကျူးကျော် ရပ်ကွက် လိုပေါ့ နော်။ တောင်စောင်းတွေပေါ်မှာ အန္တရာယ် ကို သိပ်မမြင်နိုင်ဘဲနဲ့ နေကြရတာလေးတွေပေါ့နော်။ မိုးများတဲ့အခါ ကြတော့ တောင်တွေလည်း ပြိုတယ်။ နောက် အခုလမ်းတွေလည်း ပြိုတယ်ခင်ဗျ” ဟု ပြော သည်။

မိုးကုတ်တွင် ကျောက်တွင်း တူးဖော်သည့် လုပ်ငန်းမှာလည်း စနစ်တကျ တူးဖော်ခြင်းမရှိဘဲ လမ်းအောက်အထိ တူးဖော်မှုများကြောင့် မိုးများသည့်အချိန် ရေတိုက်စားကာ မြေပြိုမှုများ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

အဆိုပါ မြေပြိုမှုနှင့် ပတ်သက်ပြီး မိုးကုတ်ရဲစခန်းသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း မိမိတို့အနေဖြင့် ပြောပိုင်ခွင့် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်က မိုးကုတ်မြို့ အနောက်ပိုင်းကြပ်ပြင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေ စီးဆင်း မှုကြောင့် မြေပြို၍ နေအိမ်ပြိုကျကာ လူသုံးဦး သေဆုံးခဲ့သည်။

မိုးကုတ်တွင် နှစ်စဉ်နှစ်တိုင်း မိုးများလျက်ရှိပြီး တောင်ပြိုမှု၊ ရေကြီးမှု၊ တောင်ကျရေ စီးဆင်းမှုများ ဖြစ်ပွား လေ့ရှိသည်ဟု သိရသည်။