၂၀၂၁ခုနှစ်၊ သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့တွင် ယမန်နေ့ (သြဂုတ် ၂၈) က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းနားလမ်း ပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း မြင်းမူမြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးကျော် (အမည်လွှဲ) က CNI သတင်းဌာနသို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က မြင်းမူမြို့တွင် ရေကြီးကတည်းက ထိုကမ်းနားလမ်းမှာ အက်ကွဲခဲ့ကြောင်း သိရသည်။

“မနေ့က မိုးတော်တော်များတယ်။ အဲအပိုင်းလည်းပါတယ်။ ရေတိုက်စားမှုပေါ့။ နောက်ပြီးတော့ အဲဒီလမ်းတွေမှာက ကုန်တင်ကားကြီးတွေ အသွားအလာများတယ်။ သဲကားတွေ၊ မနိုင့်ဝန်ကား (တန်ချိန်ပိုမိုတင်ဆောင်သည့်ကား) တွေ အသွားအလာများတယ်။ အဲတာကြောင့်မို့လည်းဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဖြစ်သူ ဦးကျော် (အမည်လွှဲ) က ဆိုသည်။

ဒေသခံပြည်သူများမှ ထိုကမ်းနားလမ်းသို့ ကုန်တင်ကားကြီးများ သဲကားများအား အသွားအလာမပြုစေရန် တောင်းဆိုမှုများရှိကြောင်းနှင့် ထိုကားများသွားလာနေပါက ကမ်းနားလမ်းမှာ ပြိုကျပျက်စီးနေမည်ဖြစ်ကြောင်း ပြောဆိုမှုများရှိနေကြသည်။

လက်ရှိတွင် လမ်းပျက်စီးသွားသည့်နေရာများကို ထပ်မံ ပြိုကျခြင်း မရှိစေရန် သဲအိတ်များ ကာရံခြင်းလုပ်ငန်းများကို မြင်းမူမြို့မ အရန်မီးသတ်တပ်ဖွဲ့မှ လုပ်ဆောင်နေကြောင်းသိရသည်။

မြင်းမူမြို့တွင် ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ဖြစ်ပြီး ၁၂နာရီခွဲထုတ်ပြန်ချက်အရ ရေမှတ် ၁၀၈၅ သို့ ရောက်ရှိနေကြာင်းနှင့် မြစ်ရေမှာ ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။