၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ယခုကာလသည် အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့် ကာလဖြစ်သောကြောင့် မိုးထစ်ချုန်း ရွာသွန်း မှုများနှင့် လေပြင်းတိုက်ခိုက်မှုများအား အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုအခါတွင် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ ဆုတ်ခွာသွားပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဆုတ်ခွာရန် အားယူနေကြောင်းသည်။ ထိုသို့ မုတ်သုံဆုတ်ခွာပါက အလယ်ပိုင်းဒေသတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုတ်သုံအဆုတ်မှာ ရွာတဲ့မိုးတွေက မိုးရွာသွန်းရုံ သက်သက်တင် မဟုတ်ဘူး။ မိုးခြိမ်းတာ ပေါ့။ ထစ်ချုန်းမိုးပေါ့။ အဲဒီခါကျရင် တစ်ခါတလေ မိုးကြိုးပစ်တာတွေ ဘာတွေကြုံတွေ့ရတတ်တယ်။ နောက် မိုးရွာသွန်းမှု နဲ့အတူ လေပြင်းတိုက်တာတွေလည်း တစ်ခါတစ်ရံမှာ ဖြစ်ပွားတတ်တယ်။ နောက်တခါ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ် တတ်တယ်။ နောက်ဒီနေရာတွေက ခုနကပြောသလို မိုးရွာသွန်းလိုက်ရင်လည်း ပူတယ်။ ရွာရင်လည်း အစွန်းရောက် သွန်ချ လိုက်သလို ရွာတာတွေ ဒီကာလတွေမှာ အဖြစ်များတယ်။ ဒါတွေကို သတိပြုဖို့လိုတယ်။ အထူးသဖြင့် အလယ်ပိုင်းဒေသ တွေက အဲလိုမိုးရွာလို့ရှိရင် ရေကြီးရေလျှံမှုက ဖြစ်တာတွေများတယ်။ တောင်ကျချောင်းရေတွေ ကျဆင်းတာတို့ တောင်ကျ ရေကျတာတို့ဘာတို့” ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မုတ်သုံလေ ဆုတ်သော်လည်း မိုးရွာသွန်းမှုများ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ တောင်ပိုင်းဒေသ စသဖြင့် အဆင့်ဆင့် ဆုတ်ခွာလေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးနည်းဒေသဟု သတ်မှတ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသတွင် ဩဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ သံပျင်စွာဘုရား နံရံပြို ကျမှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၁ ရက်ကလည်း မိုးသည်းထန်းစွာ ရွာသွန်းခဲ့မှုကြောင့် အမှတ် ၁၀၄၂၊ ဆင်ကဘုရား၏ အပေါ် အနောက်တောင်ထောင့်မှ ခြင်္သေ့အပေါ် ပိုင်း ပြိုကျပျက်စီးမှုဖြစ်ပေါ် ခဲ့သည့်အပြင် စက်တင်ဘာ ၁၆ ရက် ညပိုင်းက မိုးသည်းထန်းစွာ ရွာမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်းရှိ တောင်ဘီ ပိဋကတ်တိုက်နှင့် ဓမ္မရာဇကမဟာ ရန် အုတ်တံတိုင်း မြောက်ဘက်ခြမ်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက် ညပိုင်းက စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဓမ္မရံကြီးဘုရားနှင့် စူဠာမဏိဘုရား ဝန်းအတွင်း ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားခြင်းမှာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးရွာသွန်းမှု များလာခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

၎င်းက “ပုဂံတို့ ဘာတို့က ဘုရားတွေ ဘာကြောင့် ကြာကြာခံလဲဆိုရင် မိုးနည်းလို့။ ပုဂံတို့ကို မိုးနည်း ရေရှား ရပ်ဝန်းလို့ သတ်မှတ်တာ။ မိုးနည်းတဲ့အတွက် ရှေးတုန်းက တည်ခဲ့တဲ့ ဘုရားတွေက အများကြီး အကြာကြီး ခံတာပေါ့နော်။ အခုလို ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုတွေ များလာရင်တော့ ဒီနေရာတွေက အထူး ဂရုစိုက်ရမယ့်ဟာပေါ့။ ဘာလို့ဆို အုတ်တွေက ကြာပြီလေ။ မိုးရွာလို့ ရေလျှံတယ် မိုးများတယ်ဆိုရင် အုတ်တွေ အရည်ပျော်ပြီးတော့ ဘုရားတွေ ပျက်စီးတာ တွေ ရှေးဟောင်း အမွေအနှစ် ပျက်စီးတာတွေ ဒါမျိုးက ဖြစ်တတ်တယ်။ ဒါတွေသတိပြုရမယ်” ဟု ဆိုသည်။

ယခုနှစ် စက်တင်ဘာလသည် ပြီးခဲ့သည့်နှစ်ထက် မိုးများသည့် အနေထားရှိကြောင်း သိရသည်။