၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသတွင် ဩဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား နံရံပြိုမှု ဖြစ်ပွားခဲ့ သည်။

အဆိုပါ ဘုရားအား ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ရှင်းလင်းဖယ်ရှားမှုများ ဆောင်နေကြောင်းနှင့် ပြန်လည် ပြုပြင် ထိန်းသိမ်းရန် တွက်ချက်မှုများပြုလုပ်၍ တင်ပြထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ပြောသည်။

ညွှန်ကြားရေးမှူး ဦးသန်းထိုက်က “လက်ရှိကတော့ ပြန်လည်ထိန်းသိမ်းဖို့အတွက် Side cleaning ပေါ့။ ပြိုကျသွား တဲ့ အုတ်ခဲတွေကို ရှေးဟောင်း အုတ်ခဲ စစ်စစ်တွေနဲ့ အဲ့ထဲကမှ မူလ material ကို cleaning လုပ်ရင်းနဲ့ ပြန်လည် သန့်စင်တဲ့ လုပ်ငန်းတွေ၊ assessment (အကဲဖြတ်) ကောက်တာတွေ၊ conservation (ထိန်းသိမ်းရေး) မလုပ်ခင် pre conservation (ကြိုတင်ကာကွယ်မှု) လုပ်တဲ့အပိုင်းတွေ လုပ်နေပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ကွမ်းတောင်ပိုင်းမှာ ထိခိုက် ပျက်စီးခဲ့ သည့်အတွက် အလေးဝန် လျှော့ချထိန်းသိမ်းထားရာမှ တိုက်မအတွင်း နံရံ မူလအုတ်များမှာ နှစ်ကာလ ကြာမြင့် ပြီဖြစ်၍ အုတ်များ တွဲဆက်ခိုင်မာမှုမှာ အားနည်းမှုများရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့က မိုးသည်ထန်စွာ ရွာသွန်းမှုတို့ကြောင့် သံပျင်စွာဘုရား၏ တောင်ဘက်ခြမ်း တိုက်မနံရံမှ အလျား ၁၇ ပေ၊ အနံ ၁၄ ပေ၊ ထု ၃ ပေခန့် အုတ်များထွက်၍ ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

ပြန်လည်ပြုပြင်သည့်အခါတွင် ကျွမ်းကျင်ပညာရှင်များဖြင့် လုပ်ဆောင်သင့်ကြောင်း ပြိုကျပျက်စီးသည့် သံပျင်စွာဘုရားနံရံမှ အုတ်များအား ရှင်းလင်းပေးသည့် ပရဟိတသမား ကိုလူလှက ဆိုသည်။

ကိုလူလှက “ကျနော်တို့က သန့်ရှင်းရေး လုပ်ပေးတာပါ။ ကျနော်တို့က ပြိုကျသွားတဲ့ အပိုင်းတွေကို ဒီမြေစာ တွေကို ပြန်ထုတ်ပြီးတော့ အမြန်ဆုံး ပြုပြင်လို့ရအောင် ကျနော်တို့က ဆောင်ရွက်ပေးတာပါ။ ပြုပြင်တာက တော့ သက်ဆိုင်ရာဌာနက ပြုပြင်မှာပါ။ ပြန်လည် ပြုပြင်တဲ့အခါမှာတော့ ဒါကတော့ ထွေထွေထူးထူး ပြောစရာ မလိုပါဘူး။ ဒါက အမွေအနှစ် ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ သေချာတွက်ချက် တိုင်းထွာပြီးတော့မှ လုပ်ဆောင်ကြရင် ပိုကောင်းမယ်လို့တော့ ကျနော်တို့ ထင်ပါတယ်”ဟု ပြောသည်။

ထိုသံပျင်စွာ ဘုရားသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အနောက်ဖွားစောကျေးရွာ၏ အနောက်မြောက် ဘက် ဆုတောင်းပြည့် အုတ်ကျောင်းမြောက်ဘက်တွင် တည်ရှိခြင်းဖြစ်သည်။

သံပျင်စွာဘုရားသည် အလျားပေ ၁၀၀၊ အနံပေ ၆၀ နှင့် အမြင့်ပေ ၄၅ ပေခန့်ရှိသည့် လိုဏ်ဘုရားတစ်ဆူဖြစ်ပြီး နံရံဆေးရေး ပန်းချီများမရှိဘဲ ၂၀၀၄ ခုနှစ်တွင် မူလကျန်ရှိသည့် ရှေးဟောင်း အဆောက်အအုံကိုငုံ၍ အင်္ဂါစုံ ပြုပြင်ထားသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။