၂၀၂၁ ခုနှစ် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲအတွင်းရှိ ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရားမှာ ယနေ့ နံနက် ၄ နာရီခန့်က မိုးများ၍ နံရံပြိုကျမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပုဂံတွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ပြိုကျခဲ့သည်ဟုဆိုကာ လက်ရှိအချိန်တွင်လည်း ပုဂံမြို့ အတွင်း ရေကြီးနေသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်ဇင်ထိုက်က CNI သတင်းဌာနသို့ ပြောသည်။

ကိုကျော်ဇင်ထိုက်က “မိုးအရမ်း‌ရွာနေပါတယ်ခင်ဗျ။ မိုးက ရွာပြီးတော့ မြေနိမ့်တဲ့ နေရာ‌တွေဆို ရေဝင်နေတာတွေ ရှိနေတယ်။ အရင်နှစ်က ထက်စာရင် မိုးအရမ်းများတယ်။ အခုလည်း ‌ရေကြီးနေတုန်းပဲ ဘုရားတွေဘက်က ရေကြီး တာတော့ မရှိဘူး။ မြို့ထဲမှာတော့ ရှိတယ်။ ဘုရားတွေတော့ မိုးအရမ်းများရင် ပြိုတတ်တယ်” ဟု ပြောသည်။

ပုဂံဘုရားပေါ်တွင် အပင်များပေါက်ရောက်မှု ရှိနေခြင်းကြောင်း မိုးများလျှင် ပြိုကျမှုများ ဖြစ်ပွားလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ကိုကျော်ဇင်ထိုက်က “ပြန်ပြီးထိန်းသိမ်းတာ သိပ်မရှိဘူး။ ခေတ်ကာလ အခြေအနေအရ အရင်ထက်စာရင် ထိန်း သိမ်းမှု အားနည်းတယ်။ ပြီးတော့ အပင်ပေါက်လိုက်တဲ့ အခါကြတော့ ရေစိမ့်ဝင်သွားတာတွေပါတယ်။ အပင်တွေ က အကြီးကြီး မဟုတ်ပေမယ့်။ ညွန်ကြမ်းပင် လိုဟာမျိုး။ ဘုရားကို ပျက်စီးစေတဲ့ အပင်ပေါက်တာမျိုး” ဟု ပြော သည်။

ပုဂံဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းသည့် အရပ်ဖက် အဖွဲ့အစည်းများ ရှိနေသော်လည်း လုံလောက်မှု မရှိဟု ၎င်း က ပြောသည်။

ပုဂံတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ပြိုကျပျက်စီးသွားသည့် ဘုရားနံရံများ ပြန်လည် ပြုပြင်သည့်အချိန်တွင် ပညာရှင်နှင့် ပြုပြင်ခြင်းမဟုတ်ဘဲ ရိုးရိုးပန်းရန်နှင့် ပြုပြင်မှုလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပုဂံတွင် နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း မိုးသည်းထန်စွာ ရွာသွန်းပါက ဘုရားအချို့ ထိခိုက်ပျက်စီးမှုများ ရှိ‌‌နေ သည်ဟု သိရသည်။