ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲက ကျောက်ဖယားမြစ်ရေလျှံတက်လာသဖြင့် ဘန်းဘန်ခရိုင်၊ ဝပ်ချူ လာမနီအမည်ရှိ ရှေးဟောင်းကျောင်းတော်၏တောင်ဘက်တံတိုင်းပြိုကျပြီး ကျောင်းပတ်ပတ်လည်၌ ရေများ လွှမ်းမိုးသွားခဲ့သည်။

ကျောင်းတော်၏မြေပြင်မှ ၂ မီတာအမြင့်အထိ ရေတက်လာ၍ ဒေသခံပြည်သူများ၏ ဘိုးဘေးများ အရိုးပြာ ထားရှိသော စေတီ ၂၀ ခန့် ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ကျောက်ဖယားမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် နိမ့်ကျနေခဲ့သော်လည်း ရှေးဟောင်းကျောင်းများ၏ပတ်ဝန်းကျင်ကို ရေဘေးမှကာကွယ်ရန် ဒေသခံအသိုင်းအဝိုင်းများက မြေထိန်းနံရံ ကြံ့ခိုင်ရေး မွမ်းမံခဲ့ကြသေးသည်။

 

အောက်တိုဘာ ၃ ရက်က ထိုင်းဆည်မြောင်းဦးစီးဌာနက ချိုင်းနက်ပြည်နယ်၊ ကျောက်ဖယားဆည်ကိုဖြတ်၍ ရေထုထည် ၁ စက္ကန့်လျှင် ၂,၇၇၉ ကုဗမီတာနှုန်းဖြင့် လွှတ်ပေးခဲ့သဖြင့် မြစ်ကမ်းပါးတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ပြီး စိုးရိမ်ရေမှတ်အထက်သို့ အလျင်အမြန်မြင့်တက်လာခဲ့သည်။

အလားတူ လော့ဘူရီမြို့ရှိ ပါဆက်ဂျိုလာစစ်ဆည်နှင့် အယုဒ္ဓယမြို့၊ သာရောခရိုင်ရှိ ဖရာရန်အမှတ် ၆ ဆည်တို့မှ ရေထုထည် ၁ စက္ကန့်လျှင် ၁,၂၇၇ ကုဗမီတာ နှင့် ၉၀၅ ကုဗမီတာအသီးသီးဖြင့် ဖောက်ချခဲ့သည်။

အဆိုပါရေများသည် သာရော၊ နက်ခွန်လျောင်နှင့် ဖရာနခိုစီအယုဒ္ဓယခရိုင်များကို ဖြတ်သန်းလျက် ပါဆက်မြစ် ထဲသို့ အရှိန်အဟုန်ဖြင့် ဆက်လက်စီးဆင်းခဲ့ရာ မြစ်ကမ်းဘေးရှိ လူနေရပ်ကွက်အများအပြား ရေနစ်မြှုပ် သွားခဲ့ရသည်။