မက်ဒရစ် ၊အောက်တိုဘာ ၂၄

လာပယ်မာကျွန်းပေါ်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဒေသခံများကို အရှိန်မြှင့်တင်၍ အထောက် အကူ ပေးသွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ်က အောက်တိုဘာ ၂၃ ရက်တွင် ကတိပြုပြောကြားခဲ့ကြောင်း အေပီ သတင်း တစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

စက်တင်တာ ၁၉ ရက်က လာပယ်မာကျွန်းပေါ်ရှိ မီးတောင်ပေါက်ကွဲ လှုပ်ရှားခဲ့ရာ အတ္တလန္တိတ်ကျွန်းပေါ်သို့ ၎င်း၏ ပဉ္စမ မြောက် ခရီးစဉ်အဖြစ် ရောက်ရှိနေသော စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်က ၎င်းအစိုးရအနေဖြင့် အထောက်အကူ လိုအပ်နေသည့် ပြည်သူများအတွက် ယူရိုသန်းပေါင်းများစွာ ကူညီပံ့ပိုးရန် အစီအမံသစ်များ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုံ- စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ကိုတွေ့စဉ်။(AFP)

စပိန်အစိုးရသည် တိုက်ရိုက် အကူအညီအနေဖြင့် ယူရို ၆၄ သန်း(ဒေါ်လာ ၇၃) သန်း ပေးအပ်ခဲ့သည်။ သဘာဝဘေးကြောင့် အဆိုပါကျွန်းပေါ်ရှိ ဒေသခံများ၏ လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများမှာ ယူရို ၆ သန်း (ဒေါ်လာ ၇ သန်း) တန်ဖိုး ထိခိုက်နစ်နာခဲ့ရသည်။

ကမ်ဘရီဗီးဂျာ မီးတောင်ထိပ်ဝတွင် ပေါက်ကွဲမှုကြောင့် ချော်ရည်ပူများ စီးဆင်းခဲ့ရာ လူနေအိမ်ခြံမြေများနှင့် အဆောက်အအုံ ပေါင်း ၂၁၀၀ ကျော် ပျက်စီးခဲ့ရသည်။ ချော်ရည်ပူများသည် စိုက်ပျိုးရေးဧရိယာ ဟက်တာ ၈၅၀ ကို စီးဆင်းဖုံးလွှမ်းသွားခဲ့ပြီး ဆည်ရေသွင်းစနစ်နှင့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားခဲ့သည်။

လူပေါင်း ၇၅၀၀ ခန့်ကို အာဏာပိုင်များက ချက်ချင်းဘေးလွတ်ရာသို့ ပို့ဆောင်၍ ကယ်ဆယ်ပေးခဲ့ရသည်။ အစိုးရက ထောက်ပံ့ထားသော ယာယီတည်းခိုစခန်းတွင် လူပေါင်း ၄၃၀ ခန့် ခိုလှုံနေထိုင်ကြရသည်။

အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် အစိုးရက တိုက်ခန်းအလွတ်များ ဝယ်ယူပြီး ယာယီနေရာချထားပေးသည်။ မီးတောင် ပေါက်ကွဲမှု ရပ်တန့်သွားသည်နှင့် ပြန်လည်တည်ဆောက်ရေး စီမံကိန်းများကို ကူညီနိုင်ရန် စပိန်အစိုးရက ကတိပြုထားပြီး ဖြစ်သည်။