CNI International News

မက်ဒရစ်၊ ဧပြီ ၁၉

ဒေသန္တရအကြီးအကဲနှင့် အခြားရွေးကောက်ခံအစိုးရအရာရှိများအပါအဝင် စပိန်နိုင်ငံ၏ အရှေ့မြောက်ပိုင်း ကက်တလိုနီးယား ဒေသရှိ လွတ်လပ်ရေးလိုလားသူ ခွဲထွက်‌ရေးသမား ဆယ်ဂဏန်းမျှ၏ မိုဘိုင်းဖုန်းများထဲသို့ အစိုးရအဖွဲ့အစည်းများသာ သုံးစွဲ နိုင်သည့် အငြင်းပွားစရာ Spyware ထိုးဖောက်၍ အချက်အလက်များ ခိုးယူခြင်းခံခဲ့ရကြောင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူများအုပ်စုက ပြောကြားသည်ဟု အေပီသတင်းအရ သိရသည်။

တိုရွန်တိုတက္ကသိုလ်နှင့် ချိတ်ဆက်မှုရှိသည့် Citizen Lab က ကက်တလန်အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုတစ်ရပ်ကို အကြီးအကျယ်ပြုလုပ်ခဲ့ရာတွင် အနည်းဆုံး လူ ၆၅ ဦးကို ပစ်မှတ်ထား၍ ၎င်းတို့၏ လက်ကိုင်ဖုန်းများ အတွင်းသို့ mercenary spyware ဟုခေါ်သည့် ထောက်လှမ်းရေးစနစ် ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းကို တွေ့ရှိခဲ့ရသည်။

ယင်း spyware များ ထိုးဖောက်ဝင်ရောက်မှုသည် အစ္စရေးကုမ္ပဏီနှစ်ခုဖြစ်သော NSO Group နှင့် CAndiru တို့၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲချက်များလည်း ပေါ်ပေါက်လာခဲ့သည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ အေပီသတင်းဌာနက ယင်းကုမ္ပဏီများထံမှ သဘောထားမှတ်ချက်တောင်းခံရန် ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

စပိန်အရှေ့မြောက်ပိုင်း ကက်တလိုနီးယားဒေသသည် သီးခြားလွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်း မှုကြောင့် စပိန်နိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း ဖြေရှင်းရအခက်ခဲဆုံး နိုင်ငံရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။

ကက်တလိုနီးယားလွတ်လပ်ရေးလှုပ်ရှားမှုအားလုံးနီးပါးသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် အများဆုံးဖြစ်ပွား ခဲ့သည်။

လွတ်လပ်ရေးတောင်းဆိုရန် လူထုဆန္ဒခံယူပွဲကျင်းပရန် ကြိုးပမ်းခဲ့ကြသည့် ကက်တလန်အစိုးရအဖွဲ့ဟောင်းသည်လည်း တရားမဝင်ကြောင်း စွဲချက်ဖြင့် ဖယ်ရှားခံခဲ့ရသည်။ ကက်တလိုနီးယားသမ္မတဟောင်း ကားလက်စ်ပက်ဒီမော့အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းအများစုသည် ဖမ်းဆီးထောင်ချခံရခြင်း (သို့မဟုတ်) ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိခဲ့သည်။

NSO ကုမ္ပဏီမှ ရေးဆွဲပေးသော ပီဂါးဆပ်ထောက်လှမ်းရေးဆော့ဖ်ဝဲကို လူ့အခွင့်အရေးလှုပ်ရှားသူများ၊ သတင်းသမားများနှင့် ကက်သလစ်ဘုန်းကြီးများ၏ လက်ကိုင်ဖုန်းများထဲသို့ ထိုးဖောက်စုံစမ်းနိုင်အောင် ကမ္ဘာတဝန်းတွင် အသုံးချနေခဲ့ကြသည်။

NSO သည် နိုင်ငံဖြတ်ကျော်ဖိနှိပ်သည့်လုပ်ရပ်များကို ပြုမူနေကြောင်း အမေရိကန်အစိုးရက စွပ်စွဲထားပြီး ကုမ္ပဏီ၏ နည်း ပညာဆိုင်ရာ တင်ပို့ရောင်းချခြင်းများ ကန့်သတ်ခံထားရသည်။

Apple နှင့် WhatsApp ပိုင်ရှင် Meta ကုမ္ပဏီတို့ကလည်း NSO ကို တရားစွဲဆိုထားကြသည်။

Source: AP