CNI International News

၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၉

နိုင်ဂျာနိုင်ငံတောင်ပိုင်းတွင် ကောက်ရိုးဖြင့် တည်ဆောက်ထားသည့် စာသင်ခန်းများ မီးလောင်သဖြင့် အသက် ၅ နှစ်မှ ၆ နှစ်ကြားရှိ ကလေးငယ် ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

မန်ရာဒီဒေသရှိ အဆိုပါစာသင်ကျောင်းသည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အခြား ကလေးငယ်အများအပြားလည်း ဒဏ်ရာရရှိသွားခဲ့သည်။ မီးလောင်ရတဲ့အကြောင်းရင်း အသေးစိတ်ကိုမူ မသိရသေးပေ။

နိုင်ဂျာနိုင်ငံသည် ဆင်းရဲနွမ်းပါးလှသဖြင့် စာသင်ကျောင်းများသည် ပင်မအုတ်အဆောက်အဦဖြင့် ကျောင်းသားဦး ရေ မလုံလောက်သဖြင့် သစ်နှင့်ကောက်ရိုးများသုံးသည့် စာသင်ခန်းများကိုသာ အများဆုံး တည်ဆောက် ကြရသည်။

နိုဝင်ဘာ ၈ ရက် မီးလောင်မှုကြောင့် စာသင်ခန်း ၃ ခန်း ပျက်စီးသွားခဲ့ကြောင်း မာရာဒီ မြို့တော်ဝန် ချိုင်ဘူအဘွာ ဘာကာက ဒေသခံမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ လူသေအလောင်းအများအပြား သယ်ဆောင်လာသည်ကို တွေ့ခဲ့ရကြောင်း မျက်မြင် သက်သေတစ်ဦးက ဘီဘီစီသို့ ပြောသည်။ ဒဏ်ရာရသွားသူ ကလေး သူငယ်အချို့မှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ၎င်းက ဆက်ပြောသည်။

လတ်တလော အဆိုပါစာသင်ကျောင်း၌ သင်ကြားမှုအားလုံး ရပ်တန့်ထားရသည်။

နိုင်ဂျာနိုင်ငံတွင် ကျောင်းအဆောက်အဦများ မီးလောင်မှုမှာ အဆန်းမဟုတ်သော်လည်း လူအများအပြား သေဆုံးမှုမျိုးဖြစ်ပွားသည်မှာ အလွန်ရှားပါးသည်။

သို့သော် ယခုနှစ်အစောပိုင်းက မြို့တော်နီယာမေတွင် အလားတူကျောင်းမီးလောင်မှုကြောင့် တံခါးဝတွင် ပိတ်မိနေခဲ့သည့် ကျောင်းသားငယ် ၂၀ ခန့်သေဆုံးခဲ့ရဖူးသည်။ ယင်းဖြစ်စဉ်တွင် စာသင်ခန်းစုစုပေါင်း ၂၈ ခန်း မီးသင့်ပျက်စီးခဲ့ရပြီး ကျောင်းသားမိဘများ ဒေါသထွက်ခဲ့ကြသည်။