CNI International News

ကင်ရှာဆာ၊ ဒီဇင်ဘာ ၁၅

ကွန်ဂိုနိုင်ငံ၏မြို့တော် ကင်ရှာဆာတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးသော ရေကြီးမှုများကြောင့် လူ ၁၂၀ ကျော် သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတွင် ဖော်ပြထားသည်။

နာရီပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့လယ်ရှိ လမ်းများ ရေနစ်မြုပ်ခဲ့ပြီး အိမ်တချို့လည်း ပြိုကျပျက်စီးခဲ့သည်။

သေဆုံးခဲ့သူများမှ အများစုမှာ အင်္ဂါနေ့(ဒီဇင်ဘာ ၁၃ ရက်)တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုများ၌ ပါဝင်နေသည့် တောင်ကုန်း ဒေသများမှ ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်များကြောင့် ကွန်ဂိုအစိုးရက သုံးရက်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးမှုအဖြစ် သတ်မှတ် ကြောင်း ကြေညာသည်။ ရေကြီးမှုများကြောင့် မြို့တော်ရှိ ရပ်ကွက်များတွင် ရွံ့ရေများဖြင့် ဖုံးလွှမ်းနေပြီး အိမ်နှင့် လမ်းများသည် ချိုင့်ကြီးများကြောင့် ပျက်စီးခဲ့သည်။

ကွန်ဂိုနိုင်ငံမြို့တော် ကင်ရှာဆာမှာ ရေကြီးမှုကြောင့် ပျက်စီးနေသည်ကိုတွေ့ရစဉ် (Reuters)

ပျက်စီးခဲ့သည့် လမ်းများတွင် မြို့တော် ကင်ရှာဆာ (Kinshasa) နှင့် နိုင်ငံအတွက် အရေးပါသော မာတာဒီ (Matadi) ဆိပ်ကမ်းကို ဆက်သွယ်ထားသည့် N1 အဝေးပြေးလမ်းမလည်း ပါဝင်သည်။ ရေကြီးမှုကြောင့် အိမ်ပြို ကျခဲ့ကာ မိသားစုဝင်များ အိမ်အတွင်း ပိတ်မှုနေခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက BBC သို့ ပြောသည်။

“အိမ်အတွင်းကို မည်သို့မှ မဝင်နိုင်ခဲ့ကြောင်း၊ ကလေးတစ်ဦးကိုသာ ကယ်တင်ခဲ့နိုင်ပြီး ဇနီးသည်နှင့်ကျန်ကလေး သုံးဦး အပျက်အစီးများကြား ပေါလောမျောကာ သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရသည်” ဟု ကန်ဂါဝမ်ဘာ (Kenga Mwamba)က ပြောသည်။

ရေကြီးမှုများကြောင့် အိမ်ပြိုမှုများအတွင်း လူ ၉ ဦးပါ မိသားစုတစ်ခုလုံး သေဆုံးနေသည်ကိုလည်း မျက်မြင်တွေ့ခဲ့ ရသည်ဟု အေအက်စ်ပီ(AFP)သတင်းသမားတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်ဆိုးမျိုးကို မကြုံတွေ့ခဲ့ ဖူးကြောင်းနှင့် အိမ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ရေကြီးမှုများအတွင်း ဆုံးရှုံးခဲ့ရသည်ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။

ကွန်ဂိုဝန်ကြီးချုပ် ဂျင်-မစ်ချယ် ဆာမာ လူကွန်ဒီကိုတွေ့ရစဉ် (GETTY IMAGES)

ကွန်ဂိုဝန်ကြီးချုပ် ဂျင်-မစ်ချယ် ဆာမာ လူကွန်ဒီ (Jean-Michel Sama Lukonde)က အစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ခုကို ဦးဆောင်ကာ ကင်ရှာဆာ မြို့တွင်းမှ အပျက်အစီးများကို သွားရောက်ကြည့်ရှုခဲ့သည်။

သေဆုံးသူ ဦးရေမှာ ထပ်မံ မြင့်တက်လာနိုင်သည်ဟု အစိုးရဘက်က ပြောသည်။ ယခုကဲ့သို့ ဆိုးဆိုးရွားရွား ရေကြီးမှုများမှ ရာသီဥတုပြောင်းလဲမှုကြောင့်ဟု ကွန်ဂိုသမ္မတနှင့် အမေရိကန်တို့က ပြစ်တင်သည်။

ကင်ရှာဆာမြို့မှာ ကွန်ဂိုမြစ်ပေါ်တွင် တည်ရှိပြီး မကြာသေးခင် နှစ်များအတွင်း လူနေမှု ထူထပ်လာကာ လက်ရှိ အချိန်၌ လူဦးရေ ၁၅ သန်း နေထိုင်လျက် ရှိသည်။ လူနေအိမ် အများစုကို ရေကြီးမှုများဖြစ်ရာ လျှောစောက်များ တွင် ဖြစ်သလို တည်ဆောက်ထားကြပြီး မြို့၏ ရေဆိုးစနစ်နှင့် မိလ္လာစနစ်တို့မှာလည်း လုံလောက်မှု မရှိကြောင်း သိရသည်။

Source: BBC