CNI International News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄

တရုတ်၊ မက္ကစီကို၊ ရုရှား၊ တန်ဇန်းနီးယား၊ ယူဂန်ဒါနှင့် ဗင်နီဇွဲလားစသည့် ၆ နိုင်ငံတို့နှင့် ချိတ်ဆက်ထားသော “အစိုးရကျောထောက်နောက်ခံပြုထားပြီး သတင်းအချက်အလက်စစ်ဆင်ရေး” လုပ်ကိုင်နေသည့် account စုစုပေါင်း ၃၄၆၅ ကို ဖယ်ရှားလိုက်ကြောင်း တွစ်တာလူမှုကွန်ရက်က ပြောကြားခဲ့သည်။

ဖျက်လိုက်သော ပရိုဖိုင်(profile) အများစုဖြစ်သည့် ၂၀၄၈ ခုသည် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမွတ်ဆလင်များအပေါ် ပြုမှုဆက်ဆံမှုများနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီဇာတ်ကြောင်းများကို ချဲ့ထွင်ရေးသားထားကြောင်း လူမှုကွန်ရက်မီဒီယာကြီးတစ်ခုဖြစ်သော တွစ်တာက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ဖယ်ရှားလိုက်သော အခြား account ၁၁၂ ခုသည်လည်း ရှင်ကျန်းဒေသအစိုးရမှ ကျောထောက် နောက်ခံပြု ထားသည့် ချန်ယုယဉ်ကျေးမှုအမည်ရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်မှုရှိနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မွတ်ဆလင်လူမျိုးစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ကာလရှည်ကြာ စွပ်စွဲခံ နေရပြီး ဝေးလံခေါင်သီသော တရုတ်အနောက်ဘက်ဒေသရှိ စခန်းများတွင် အနည်းဆုံးဝီဂါတစ်သန်းခန့် ဖမ်းဆီး ထိန်းသိမ်းခံနေရကြောင်း တက်ကြွလှုပ်ရှားသူနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများက ပြောခဲ့ကြသည်။ အဆိုပါစခန်းများရှိ ဝီဂါများအပေါ် တရုတ်အစိုးရက ညှင်းပန်းနှိပ်စက်ခြင်း၊ အတင်းအကြပ် လုပ်အားပေးစေခိုင်း ခြင်းနှင့် မျိုးမပွားနိုင်အောင်လုပ်ဆောင်ခြင်းတို့ရှိခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို တရုတ်က ငြင်းဆိုထားပြီး အစွန်းရောက်ဝါဒ တိုက်ဖျက်ရန်နှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများပေးရန် ၎င်းစခန်းများ လိုအပ်သည်ဟု အကြောင်းပြ ခဲ့သည်။

အလားတူ ယူဂန်ဒါနိုင်ငံတွင်လည်း သမ္မတ ယိုဝါရီမူစီဗီနီနှင့် ၎င်း၏ အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုပါတီကို ထောက်ခံသော “ညှိနှိုင်းပြီး စစ်မှန်သည့်လုပ်ဆောင်ချက်တွင် ပါဝင်နေကြသူများ” ဟု ကြွေးကြော်ထားသည့် account ၄၁၈ ကိုလည်း တွစ်တာလူမှုကွန်ရက်က ဖယ်ရှားခဲ့သည်။

တန်ဇန်နီးယားနိုင်ငံတွင် လူ့အခွင့်အရေးအုပ်စုဖြစ်သည့် ဖီချူအာတန်ဇန်းနီးယားအဖွဲ့ဝင်များနှင့် ထောက်ခံသူများ ကို ပစ်မှတ်ထား၍ report တိုင်ကြားခဲ့ကြသည့် account ပေါင်း ၂၇၀ ကိုလည်း ပိတ်ပင်ခဲ့ကြောင်း တွစ်တာက ပြောသည်။

Source: Aljazeera