ဘေဂျင်း၊ အောက်တိုဘာ ၁၇

Shenzhou-13 အာကာသယာဉ်ပေါ် လိုက်ပါလာသည့် ယာဉ်မှူး ၃ ဦးစလုံး အောက်တိုဘာ ၁၆ ရက်တွင် တရုတ် တိုင်ယန်ဟီ အာကာသစခန်း၏ ဗဟိုထိန်းချုပ်ခန်းသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း တရုတ်အာကာသသိပ္ပံအေဂျင်စီ(CMSA)၏ ထုတ်ပြန်ချက် ကို ကိုးကားလျက် ဂလိုဘယ်တိုင်းမ်က ဖော်ပြသည်။

အာကာသစခန်းနှင့် လွန်းပျံယာဉ်တို့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပြီးနောက် Shenzhou-13 အဖွဲ့သားများ ဖြစ်ကြသည့် ဇန်ဇီဂန်၊ ဝမ်ပိုင်းနှင့် ရွဲဂန်ဇူးတို့သည် တိုင်ယန်ဟီ အာကာသစခန်းအတွင်းရှိ ဗဟိုထိန်းချုပ်ခန်းသို့ ဝင်ရောက်နိုင်ခဲ့ကြကြောင်း သိရသည်။

အာကာသစခန်းထဲ ဝင်ရောက်ပြီးနောက် ၎င်းတို့ ပထမဆုံး လုပ်ဆောင်ခဲ့သည်မှာ အခန်းများအတွင်း စစ်ဆေးပြီး Wi-Fi ချိတ် ဆက်ခြင်း ဖြစ်ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်သော ဗီဒီယိုမှတ်တမ်းတစ်ခုတွင် ဇန်ဇီဂန်သည် လေထဲတွင် ဇောက်ထိုးမျောပါ နေပြီး အလွန်စိတ်လှုပ်ရှားနေခဲ့ကြောင်း၊ ထို့နောက် အာကာသစခန်းနှင့် မြေပြင်အခြေစိုက်စခန်းတို့ တိုက်ရိုက် စကားပြော နိုင်သည့် ကြိုးမဲ့နားကြပ်နှင့် မိုက်ကရိုဖုန်းများ တပ်ဆင်နိုင်ခဲ့ကြောင်း ဂလိုဘယ်တိုင်းမ်က ဆက်လက် ရေးသားထားသည်။

၎င်းတို့၏ မြေပြင်အခြေစိုက်စခန်းသို့ သတင်းပေးပို့သည့် ပြောဆိုမှုများအပြီးတွင် အာကာသစခန်းထဲ ပထမဆုံးနေ့လယ်စာ တည်ခင်း စားသောက်ကြမည်ဖြစ်ကြောင်း တရုတ်အာကာ သအေဂျင်စီမှ ဒါရိုက်တာ ယန်လီဝှေးနှင့် အာကာသယာဉ်မှူးတို့ အပြန်အလှန် အသိပေးနိုင်ခဲ့ကြသည်။ ၎င်းတို့ ၃ ဦးသည် အာကာသထဲတွင် ၆ လ နေထိုင်ရမည်ဖြစ်၍ ယခင်တစ်ခေါက်က Shenzhou-12 အဖွဲ့သားများ နေထိုင်ခဲ့ချိန်ထက် နှစ်ဆပိုမည်ဖြစ်သည်။

၎င်းတို့သည် လာမည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာမည်ဟု မျှော်လင့်ရပြီး တရုတ် နှစ်သစ်ကူး ပွဲတော်ကာလကို အာကာသထဲမှာပင်ဖြတ်သန်းကြမည်ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်ရှိ ဂျူကွန်ဂြိုဟ်တုလွှတ်တင်ရေးစန်းမှ လူလိုက်ပါနိုင်သော အာကာသယာဉ် နှင့် တွဲစပ်ထားသည့် ဒုံးပျံကို အောက်တိုဘာ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၅၆ မိနစ်တွင် လွှတ်တင်ခဲ့ပြီး အာကာ သ စခန်းနှင့်ယာဉ်တို့ အောင်မြင်စွာ ချိတ်ဆက် ထိတွေ့နိုင်ခဲ့သည်။

တရုတ်အာကာသ နည်းပညာအကယ်ဒမီ(CAST) မှ အာကာသယာဉ် တီထွင်ထုတ်လုပ်များ၏ အဆိုအရ ၎င်းတို့ အာကာသ ယာဉ်သည် ဆုံချက်လမ်းကြောင်းအသစ်နှင့် ဗဟိုဦးတည် ရာကို လျင်မြန်စွာ ချိတ်ဆက်ပေးမည့် ပျံသန်းခြင်း ဒီဇိုင်းသစ်ကို ရေးဆွဲ ဖန်တီးပေးထားကြောင်း သိရသည်။